တာချီလိတ်- မယ်ဆိုင် အမှတ်(၁)တံတား ပြန်ဖွင့်ရန် ပြင်ဆင်မှုများပြုလုပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ COVID-19 ကြောင့် သုံးနှစ်နီးပါး ပိတ်ထားခဲ့သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တာချီလိတ်-မယ်ဆိုင် အမှတ် (၁) တံတား ပြန်ဖွင့်ရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကတည်းက တံတားပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး တာချီလိတ်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် ဌာနပေါင်းစုံ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး တံတားပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“မနေ့က ဇန်နဝါရီ ၁၈ ရက်ကတည်းက တံတားကပြန်ဖွင့်မယ်ဆိုပြီး ပြောနေကြပေမယ့် မဖွင့်သေးပါဘူး။ တံတားပြန်ဖွင့်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာတော့ ကြာပါပြီ” ဟု တာချီလိတ်မြို့မှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
အဆိုပါ တာချီလိတ်-မယ်ဆိုင် အမှတ် (၁) တံတားကို ဇန်နဝါရီ ၂၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ ကြေညာထားသော်လည်း မြန်မာပြည်ဘက်အခြမ်းမှ ပြန်ဖွင့်မည့်ရက်ကို အတိအကျ မသိရသေးကြောင်း ၎င်းကဆိုသည်။
ယင်းတံတားကို COVID-19 ဖြစ်ပွားမှု ပြင်းထန်ချိန် ၂၀၂၀ ခုနှစ် မတ်လ ၂၂ရက်က စတင်ပိတ်ခဲ့ခြင်းဖြစ်ကာ သုံးနှစ်နီးပါး ပိတ်ထားဆဲဖြစ်သည်။
ထို့အပြင် ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်ကလည်း ကိုဗစ်ကြောင့် သုံးနှစ်နီးပါး ပိတ်ထားသည့် ကရင်ပြည်နယ် မြဝတီရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည် ဖွင့်လှစ်ထားပြီး ဖြစ်သည်။mizzima