ထုံးဘိုရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး ဒေ သခံပြည်သူနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်ကို သတ်ဖြတ်


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ထုံးဘိုရွာကို ဇန်နဝါရီလ ၁၇ ရက် မနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅ လုံးမီးလောင်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း စစ်ကိုင်းမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက” အိမ်ထောင်စု အနေနဲ့က ၁၁ အိမ်ထောင်စု၊ အိမ်အလုံးအနေနဲ့က ၁၅ လုံး၊ အသတ်ခံရတဲ့ အသက် ၄၃ နှစ် အရွယ် ထုံးဘိုရွာသား ကိုခင်မောင်ထွန်း၊ နောက်တစ်ခါ စစ်ကြောင်းနဲ့တိုးလို့ ပကဖ ထဲက ကလေးတစ်ယောက် အသတ်ခံရတယ်” ဟု ပြောသည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနှင့် မီးဘေးသင့်ပြည်သူများနှင့် အသတ်ခံခဲ့ရသူများကို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆက်ပြောသည်။
၎င်းက “ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ မီးဘေးသင့်ပြည်သူတွေအတွက် ကနဦး ထောက်ပံ့ငွေ ငါးသိန်းကို သွားပြီထောက်ပံ့ပေးခဲ့တယ်၊ နောက်ပြီး ကျဆုံး နှစ်ဦးအတွက် တစ်ယာက်ကို တစ်သိန်းစီ နဲ့ နှစ်သိန်းတော့ ကနဦး ကူညီမှုပြုလုပ်ပေးထားပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်များသည် လက်ရှိအချိန်အထိ ထုံးဘိုရွာနှင့် ရွာအနီးအနားတစ်ဝိုက်တွင် ရှိနေသည့်အတွက် အခြားအသေးစိတ်အချက်အလက်များကို ရယူနိုင်ခြင်း မရှိသေးကြောင်းသိရသည်။mizzima