ဘုတ်ပြင်းမြို့ မကြုံဂလက်ရွာမှာ ဖိအားပေးပြီးမဲစာရင်းကောက်ခံနေ၍ ဒေသခံများ စိုး ရိမ်နေဟုဆို

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်နယ်မြေအတွင်းရှိ မကြုံဂလက် မော်ကင်းကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ကျေးရွာရာအိမ်မှူး ဦးဆောင်သည့်အဖွဲ့က ဖိအားပေး၍ မဲစာရင်းများလိုက်လံကောက်ယူနေသောကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
မကြုံဂလက် မော်ကင်းကျေးရွာတွင် ကျေးရွာရာအိမ်မှူး ဦးတင်အောင်မိုး ဦးဆောင်ပြီး မီးသတ်ယူနီဖောင်းဝတ်သူများဖြင့် ဖိအားပေးကာ အိမ် ထောင်စု တစ်စု၏ အသေးစိတ်အချက်အလက်များကို ကောက်ယူမေးမြန်းနေသည့် အတွက် စိုးရိမ်စိတ်ဖြစ်နေရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
မကြုံဂလက်ကျေးရွာနေ မွန်ကင်း (ဆလုံ) ဒေသခံ တစ်ဦးက “စိုးရိမ်တာတွေတော့ရှိတာပေါ့ လူဦးရေ အလုပ်အကိုင်ရယ်၊ ရာထူး၊ မိသားစုဝင်တွေ ဘယ်သွားလာမှုရှိလဲ၊ ဒါတွေကအစ မေးတော့ စိုးရိမ်မိတယ်”ဟု ပြော သည်။
အခုလို မဲစာရင်းအကြောင်းပြချက်ဖြင့် အသေးစိတ်အချက်အလက်များကို မီးသတ်ယူနီဖောင်းဝတ်သူများအပြင် ပျူစောထီးအဖွဲ့ဝင် အင်အားအများအပြားဖြင့် ကောက်ယူနေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။
ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်နယ်မြေ မကြုံဂလက် မော်ကင်းကျေးရွာသည် မွန်ကင်း (ဆလုံ) တိုင်းရင်း သားများ၊ မြန်မာနှင့် ကရင်တိုင်းရင်းသားများ နေထိုင်ကြသည့် ပင်လယ်ပိုင်း ကျေးရွာ တစ်ရွာ ဖြစ်သည်။ mizzima