ရေတာရှည်မြို့နယ်တွင် တိုက်ပွဲသုံးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် အများအပြားသေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် အများအပြား သေဆုံးကြောင်း Bago Region PDF မှ ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ သုံးဦးနှင့် တပ်သား ၄၀ နီးပါးသေဆုံးခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
“စစ်ကောင်စီအနေနဲ့ သာလွန်အင်အားနဲ့စစ်ကြောင်းထိုးနေတာဟာ ပဲခူးတိုင်းကို စိုးမိုးဖို့ကြိုးစားနေတာ လို့ယူဆပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ပတ်သက်လို့ မြေပြင်ခေါင်းဆောင်တွေရဲ့ သတင်း ပေးပို့ချက်များအပေါ်အတည်ပြုပြီးမှ ထုတ်ပြန်တာဖြစ်ပါတယ်”ဟု ပဲခူတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အထက်ပါ အချက်အလက်များနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် နဂျပ်ရွာ အရှေ့မြောက်ဘက် ဝက်ပုပ်လမ်းတွင် မနက် ၅ နာရီခန့်၌ တစ်ကြိမ်၊ မနက် ၁၀ နာရီတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ကြသည်။
ယင်းအပြင် နေ့လည် ၁၂ နာရီဝန်းကျင်တွင် နဂျပ်-ကွင်းချောင်းလမ်း ကျောက်ပုံကုန်း၌ စစ်ကောင်စီ တပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား ကိုက် ၅၀ စည်းအတွင်း တိုက်ပွဲဖြစ်ခဲ့ရာ တိုက်ပွဲကြာချိန် ၁ နာရီခွဲအထိရှိခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က နဂျပ်တောင်သို့ ချဉ်းကပ်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ် ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးထက်မနည်းသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိသွား၍ ပြန်လည်ဆုတ်ခွာသွားကြောင်း ဆိုသည်။
တိုက်ပွဲသုံးကြိမ်အနက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်တိုက်ပွဲများကို PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ (တပ်စု ၂ ၊ တပ်စု ၃)တို့က တိုက်ခိုက်ခဲ့ကြပြီး တတိယအကြိမ်တိုက်ပွဲကို မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima