သံတွဲမြို့သို့ အာဏာသိမ်းစစ်ခေါင်းဆောင် လာရောက်မည်ဖြစ်၍ လုံခြုံရေးအင်အား တိုးချဲ့ချထား

ရခိုင်ပြည်နယ် သံတွဲမြို့သို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မည်ဖြစ်၍ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ကုန်းလမ်း၊ ရေလမ်းတစ်လျှောက်တွင် စစ်အင်းအား တိုးချဲ့ချထားကြောင်း ဒေသခံများထံမှ သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် လာရောက်မည်ဟုသိရပြီး သံတွဲမြို့တွင် စစ်အင်းအားကို တိုးမြှင့်ချထားခြင်းဖြစ်သည်။
“ လောလောဆယ် တွေ့နေရတာက နေဗီ(Navy)တွေလည်း ကုလားတန်မြစ်ကြောင်းတစ်လျှောက်ချထားတယ်။ ဒါ့အပြင် သံတွဲမှာလည်း ရေ တပ်ကော၊ ကုန်းမှာကော အင်အားအဆမတန် ဖြည့်တင်းထားတယ်လို့ သိရတယ်။ စစ်တွေဖက်မှာလည်း စစ်ကားတွေ နေ့တိုင်း ၁၀ စီးလောက် လူအပြည့်နဲ့ သွားနေတာတွေရှိတယ်။ မင်းအောင်လှိုင် ခရီးစဉ်ကြောင့် လူအင်အား တိုးချထားတာပေါ့” ဟု တက်ကြွလှုပ်ရှားသူ တစ်ဦးကပြော သည်။
သံတွဲမြို့တွင် မင်းဘာကြီးလမ်းမတစ်လျှောက် လုံခြုံရေးအထပ်ထပ် တိုးချဲ့ချထားကာ ကြိုဆိုမည့်ပုံစံများကိုလည်း ယနေ့တိုင် အစမ်းလေ့ကျင့်ခြင်းများ လုပ်ဆောင်နေကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။
“ လုံခြုံရေးကတော့ အထပ်လိုက်ပဲဗျ၊ ဒီနေ့ ၈နာရီလောက်ကလည်း လမ်းတွေပိတ်ပြီးတော့ မော်တော်ပီကယ်တွေ၊ လမ်းပြပုလိပ်တွေနဲ့ အ စမ်းလေ့ကျင့်တာတွေ တွေ့ရတယ်။ လုံခြုံရေးတွေကလည်း နေရာတိုင်းမှာပါပဲ။ မင်းအောင်လှိုင်က သံတွဲကို လာမှာကလာမှာ၊ ဒါပေမဲ့ မရောက်သေးဘူးပေါ့။ မနက်ဖြန် လာမယ်လို့တော့ ပြောနေကြတာပါပဲ။ လက်ရှိကတော့ မရောက်သေးပါဘူး ” ဟု ၎င်းက ဆိုသည်။
သံတွဲခရီးစဉ်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ရှရှားအဖွဲ့ဝင်များပါ လာရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ သယံဇာတကိစ္စများဖြင့် ပတ်သက်နေနိုင်ကြောင်းလည်း ဒေသခံများက ထင်မြင်ယူနေကြခြင်း ဖြစ်သည်။
ရခိုင်ပြာ်နယ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဟု ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်ကာ စစ်ကောင်စီအ သိုင်းအဝိုင်းကြားတွင် သတင်းများ ထွက်ပေါ်နေခြင်းလည်းဖြစ်သည်။
ထို့အပြင် စစ်ခေါင်းဆောင်လာမည့်ကိစ္စဖြင့် စစ်တွေတက္ကသိုလ်မှ ကျောင်းသူများမှာလည်း ရခိုင်ရိုးရာဝတ်စုံများဖြင့် သံတွဲလေယာဉ်ကွင်းတွင် ဖျော်ဖြေပေးရန်အတွက် ဇန်နဝါရီလ ၁၈ရက်နေ့က သံတွဲမြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားတစ်ဦးက ပြော သည်။
“စစ်တွေတက္ကသိုလ်က ကျောင်းသူတွေကို အကတိုက်ထားတယ်။ သူတို့က ရခိုင်ရိုးရာဝတ်စုံအပြင် မျိုးနွယ်စုတွေရဲ့ ဝတ်စုံတွေနဲ့လည်း ကပြဖျော်ဖြေရမယ်လို့ သိထားပါတယ်။ မနေ့ကတည်းက သံတွဲကို ရောက်သွားပြီ။” ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့နှင့် သံတွဲ မြို့များတွင် လမ်းမကြီးတစ်လျှောက် အမှိုက်များကောက်ခြင်း၊ ဆေးဖြူသုတ်ခြင်း အပါအဝင် ရဲနှင့်စစ်သားများ ပူးပေါင်းပြီး အစစ်အဆေးများနှင့် လုံခြုံရေးအင်းအားများကိုလည်း တိုးမြှင့်ချထားသည်ကို တွေ့ရသည်။
ယခုကိစ္စဖြင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။mizzima