ကောလင်းမြို့နယ် ကျောက်ပြင်သာရွာကို စစ်ကောင်စီတပ်ဖွဲ့ လေကြောင်းမှ ဗုံးကြဲ

စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ် ၊ ကျောက်ပြင်သာကျေးရွာကို ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညနေ ၃ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ဂျက်ဖိုက်တာ တစ်စီးဖြင့် နှစ်ကြိမ်ဗုံးကြဲသွားသည်ဟု Kawlin Revolution-KR Team က ပြောသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ပြင်သာကျေးရွာ ဓမ္မာရုံ ပျက်စီးသွားခဲ့ပြီး ရွာသူရွာသားများ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။
“အစည်းအဝေးက ၂နာရီ ၃၅ မိနစ်မှာပြီးလို့ တော်သွားတာပါ၊ မဟုတ်ရင် လူရာချီသေမှာဗျ၊ ပြီးလို့ပြန်ကြ လူစုခွဲသွားကြလို့ပါ၊ လာကြဲတဲ့အချိန်တော့ လူတွေရော ဘုန်းကြီးတွေရော ရှိမနေတော့ အထိအခိုက်မရှိလိုက်ပါဘူး” ဟု ဗုံးကြဲမခံရမီအချိန်က ဓမ္မာရုံတွင် ရပ်ရွာအတွက် အစည်း အဝေးပြုလုပ်နေကြပုံကို ဒေသခံတစ်ဦးက ပြောပြသည်။
စစ်ကောင်စီတပ်အနေဖြင့် မည်သည့်အကြောင်းကြောင့် ကျောက်ပြင်သာရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မဇ္စျိမက မေးမြန်းရာတွင် ၎င်းတို့်အနေဖြင့် ထင်မြင်ယူဆချက် မပေးနိုင်သေးကြောင်း ဆိုသည်။
“ဂျက်ဖိုက်တာ တစ်စီးနဲ့ နှစ်ကြိမ် လာကြဲတာပါ၊ စက်လတ်နဲ့လည်းပစ်ပါတယ်၊ ဘုန်းတော်ကြီးတွေနေတဲ့ သာသနာ့နယ်မြေပေါ် ကြဲသွားတာပါ” ဟု အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Kawlin Revolution-KR Team တာဝန်ရှိသူက ပြောသည်။
မြေပြင်တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့က ယခုကဲ့သို့ ဗုံးလာကြဲသွားခြင်းပြီး ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဒေသခံအချို့ထွက် ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇန်နဝါရီလ၂၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကောလင်းမြို့နယ်တောင်ခြမ်း ကိုးတောင်ဘို့ဘက်မှ အင်ပင်သာရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။
အဆိုပါ မီးရှို့ဖျက်ဆီးမှုနှင့်ပတ်သက်ပြီး မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ mizzima