ရန်ကုန်၊ မြောက်ဒဂုံတွင် ဗိုလ်မှူးဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်တွင် ဗိုလ်မှူးဟောင်းတစ်ဦး ယနေ့ (ဇန်နဝါရီ ၂၀) နံနက်ပိုင်းက သေနတ်နှင့် ပစ်ခတ်ခံရသည်။
ပစ်ခံရသူမှာ ဗိုလ်တေဇလမ်းနှင့်တပင်ရွှေထီးလမ်းထောင့်၊ ဗိုလ်တေဇလမ်း၊ အမှတ် ၆၅၇ တွင် နေထိုင်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ စာ ရင်းစစ်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဟောင်း အသက် ၆၄ နှစ်အရွယ် ဦးရွှေဝင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။
နံနက် ၇ နာရီကျော်က မြောက်ဒဂုံမြို့နယ်၊ တပင်ရွှေထီးလမ်း၊ ၄၀ ဈေးအနီး လမ်းလျှောက် လာသည့် ဦးရွှေဝင်းကို လူနှစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခဲ့ရာ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ် ရာရခဲ့ကြောင်း၊ မင်္ဂလာဒုံရှိ တပ်မတော်ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း ၎င်းက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။
စစ်ကောင်စီကို ခုခံနေသည့် ရန်ကုန်အခြေစိုက် ပြောက်ကျားအဖွဲ့တစ်ခုက စစ်ကောင်စီ၏ လူဦးရေ စာရင်းကောက်ယူ၊ ဧည့်စာရင်းစစ်၊ တော် လှန်ရေးအဖွဲ့ဝင်များကို ဖမ်းဆီးသည့် ကိစ္စများတွင် ဦးရွှေဝင်းက ဦးဆောင်ကူညီနေ၍ ပစ်ခတ်သည်ဟု ပြောသည်။
ပစ်ခတ်မှုအပြီးတွင် မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မင်းရောင်လမ်းနှင့် ရာဇဓိရာဇ်လမ်းဆုံ တစ်ဝိုက်တွင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေသည်ဟု ဒေသသတင်းများဖော်ပြပေးနေသော Telegram Channel များတွင်တွေ့ရသည်။
အထက်ပါဖြစ်စဉ်နှင့် စွပ်စွဲချက်များ၊ ဦးရွှေဝင်း၏ ကျန်းမာရေးအခြေအနေတို့ကို သီးခြားအတည်မပြုနိုင်သေးပေ။
အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ချိန်အထိ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို ခုခံမှုများ နိုင်ငံအနှံ့ မြင့်တက်နေဆဲဖြစ်သည်။myanmar now