ရွေးကောက်ပွဲ ပူးပေါင်းဆောင်ရွက်သူများအား အရေးယူသွားမည်ဟု IKACC ဆို

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ပါက လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (IKACC) က ဇန်နဝါရီလ ၁၉ရက်နေ့တွင် ထုတ်ပြန်သည်။
ပလက်ဝမြို့နယ်ရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ခြင်း ၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း ၊ မဲပေးခြင်းများကို မပြုလုပ်ကြရန်နှင့် ထိုသို့ ပူးပေါင်းပါဝင်ကြောင်း စိစစ်တွေ့ရှိပါက လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
၎င်းအပြင် IKACC အနေဖြင့် ၂၀၂၃ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို လုံးဝအသိ အမှတ်ပြုလက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေသော ရွေးကောက်ပွဲသည် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပျက်မှုများအတွက် ကောင်းမွန်သည့် အဖြေကို ရရှိစေမည်မဟုတ်ကြောင်း IKACC အနေဖြင့် သုံးသပ်ထားသည်။
၎င်းအပြင် ရွေးကောက်ပွဲတစ်ရပ်တွင် အခြေခံအားဖြင့် ရှိသင့်ရှိထိုက်သော လွတ်လပ်မှု ၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများ ပြည့်ပြည့်ဝဝ ကျင့်သုံးရရှိနိုင်မည် မဟုတ်ကြောင်း ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ချင်းပြည် နယ် ပလက်ဝမြို့အတွင်း၌လည်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိနေချိန်တွင် ယခုကဲ့သို့ သတိပေးစာအား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ချင်းပြည်နယ် အတွင်း စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲကို ဆန့်ကျင့်ကြရန်နှင့် ပူးပေါင်းပါဝင်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် မြို့နယ်အသီသီးရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ များမှလည်း အသီးသီး သတိ ပေးချက်များ ထုတ်ပြန်ထားကြသည်။ mizzima