Monthly Archives: Jan 2023

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်သူများတိုင်တန်းနိုင်ရန် E-Police Station ဖွင့်လှစ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ရှိ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ E-Police Station ကို ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီမှ ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပြည်သူအချင်းချင်းကျူးလွန်နေကြသော ရာဇဝတ်မှုများကို E-Police Station MOHAI-NUG facebook page messenger သို့ ဆက်သွယ်တိုင်ကြားနိုင်သည်ဟု အသိပေးထားသည်။

“မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့ လက်အောက်ခံတွေရဲ့ ရာဇဝတ်မှုတွေ နဲ့ အချင်းချင်းကျူးလွန်တဲ့ရာဇဝတ်မှုတွေကို မှတ်တမ်းတင် ထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်သူ တရားခံတွေကို တရားဥပဒေရဲ့ ရှေ့မှောက်ကို ပို့ဆောင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပါတယ်” ဟု NUG ပြည်သူ့ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိ သူ ကိုဇွဲမာန်က မဇ္ဈိမကိုပြောသည်။

NUG E-Police Station အနေဖြင့် တိုင်ကြားလာသည့် အမှုများသည် NUG စိုးမိုးနယ်မြေအတွင်းဖြစ်ပါက သက်ဆိုင်ရာ မြေပြင် ပြည်သူ့ရဲ တပ်ဖွဲ့များ၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ချိတ်ဆက်အမှုဖွင့် အရေးယူသွားမည်ဖြစ်ပြီး ပြည်နယ်များမှ တိုင်တန်းလာသည့် အမှုများဖြစ်ပါကသက်ဆိုင်ရာ ပြည်နယ်များရှိ ရဲလုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ဆက်သွယ်ချိတ်ဆက်၍ စီစဉ်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

တိုင်ကြားလာသောအမှုများသည် မြေပြင်တွင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသောနေရာများမှဖြစ်ပါက မှတ်တမ်းတင် ထိန်းသိမ်းထားရှိပြီး အ မျိုး သားညီညွတ်ရေးအစိုး၏ အုပ်ချုပ်ရေးယန္တရားများ ဆောင်ရွက်နေသည့် အချိန်အခါဖြစ်စေ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ၏ အစိုးရ တစ်ရပ် ပေါ်ပေါက်လာပြီး အုပ်ချုပ်ရေးယန္တရားများ ဆောင် ရွက်နိုင်လာသည့် အချိန်အခါတွင်ဖြစ်စေ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

“E-Police Station ကို ဖွင့်လှစ်ဆောင်ရွက်တာက အခုမှ စရတယ်ဆိုပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက စီစဉ်ထားတာပါ။ ဒီလုပ် ငန်းစဉ်ရဲ့ အလေးထားဆောင်ရွက်မယ့် အချက်ကလည်း တိုင်တန်းလာတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့ အဓိကပါ။ ဒါနဲ့ပတ်သက်ပြီး တာဝန်ယူမယ့် လူပုဂ္ဂိုလ်တွေကလည်း စိတ်ချယုံကြည်ရတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နည်းပညာအနေနဲ့လည်း အကောင်းဆုံး ဆောင်ရွက်ထားရှိပါတယ်။ ပြည်သူတွေရဲ့လုံခြုံရေးကို အဓိကထားတာဖြစ်သည့်အတွက် အဆင့်ဆင့် ဆောင်ရွက်ရတာဖြစ်ပါတယ်” ဟု တိုင်ကြားလာမည့် ပြည်သူများ၏ လုံခြုံရေးပိုင်းနှင့် ပတ်သက်၍ NUG ပြည်သူ့ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲမာန်က မဇ္ဈိမကို ရှင်းလင်းပြောပြသည်။

E-Police Station သည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့လက်အောက်ရှိ CDM ပြည်သူရဲများဖြင့် ဖွဲ့စည်းထားသော ဌာနတစ်ခုဖြစ်သည်။

NUG ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် မြေပြင်တွင် ဖွဲ့စည်းဆောင်ရွက်နေသောမြို့နယ် ငါးမြို့နယ်ရှိပြီး CDMရဲတပ်ဖွဲ့ဝင်များ အများစုပါဝင်ကာ တ ရားဥပဒေစိုးမိုးရေး လိုလားသည့် ပြည်သူများဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

မြေပြင်ရဲတပ်ဖွဲ့ မဖွဲ့ရသေးသောမြို့နယ်များတွင်လည်း ပြည်သူ့အုပ်ချုပ်ရေးဌာန အောက်မှတစ်ဆင့် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးနှင့် ရဲလုပ်ငန်းများ ဆောင်ရွက်နေခြင်းရှိသည်ဟု သိရသည်။

ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေသော မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရှိသည့် မြို့နယ်အရေအတွက်မှာ စစ်ကိုင်းတိုင်းနှင့် မကွေး တိုင်းတွင် ၂၅ မြို့နယ်ရှိသည်ဟု သိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့အထိ မြို့နယ်ရဲတပ်ဖွဲ့ ငါးခုမှ အမှုပေါင်း ၁၈၂မှု ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၁၄၅ မှု တရားစွဲတင်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သူများကို အရေးယူဆောင်ရွက်ထားရှိသည့်အပြင် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ၁၁မြို့နယ်မှ အမှုပေါင်း ၁၁၁မှု ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၅၅မှု တရားစွဲတင်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သူများကို အရေး ယူ ဆောင်ရွက်ထားသည်ဟု NUG ပြည်သူ့ရဲတပ်ဖွဲ့၏ ပြောပြချက်အရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့များ ထပ်မံဖွဲ့စည်းသွားရန်ရှိပြီး NUG စိုးမိုးထိန်းချုပ်နယ်မြေများတွင် ရဲတပ်ဖွဲ့များ ပေါ် ပေါက်လာစေရေး စီစဉ်ဆောင်ရွက်သွားမည်ဟု သိရသည်။mizzima

တရက်တည်းတိုက်ပွဲများတွင် စစ်ကောင်စီဘက်က အယောက် ၂၀ ကျော်သေဆုံး

ဇန်နဝါရီ ၂၀ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၇ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့ပြီး ကန့်ဘလူမြို့နယ်မှာတော့ အထိုင်နေတဲ့ စစ် ကောင်စီတပ်တွေကို PDF တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးဝမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တွေကြား ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ရေဦးမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF က ဒရုန်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ် ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဘုတလင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်ကို PDF တပ်ဖွဲ့တွေက လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်ခဲ့ကြပြီး ရွှေဘိုမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF က ခြုံခိုတိုက်ခိုက်ခဲ့ကြတာကြောင့် စစ် ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံ တော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၀ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီးမန္တလေး တိုင်းဒေသကြီးမှာ ၂ ကြိမ်၊ မကွေးတိုင်းဒေသကြီးမှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သ တင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။DVB

ရေးမြို့နယ်တွင် နယ်ထိန်းရဲ ဟိန်းသူရ ၊ စဉ့်ကူးမြို့နယ်တွင် ရဲအုပ် သိန်းတန်တို့ ပစ်ခတ်ခံရပြီးသေဆုံး၊ မုံရွာတွင် စည်ပင် ဒုဦးစီးမှူး မိုးဇော် ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် နယ်ထိန်းရဲ ဟိန်းသူရ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် ရေးမြို့၊ အဏ္ဏဝါနန္ဒာ ၂ ရပ်ကွက် အပိုင် နယ် ထိန်း ရဲ ဟိန်းသူရကို နန္ဒာလမ်းမကြီးတွင် ပစ် ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“နာမည်က ဟိန်းသူရ နယ်ထိန်းပေါ့။ ၁၆ တောင့်ပစ်လိုက်တယ်။ လက်နက်တော့ မရခဲ့ဘူး။ ပွဲချင်း ပြီးသေပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်း ဆောင်က ပြောသည်။

အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေပြည် စခန်းမှူး ရဲအုပ် သိန်းတန် ကို အောင်တိုင်းစံပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံး သွားကြောင်း သိရှိရသည်။

“ရှင်းလင်းတဲ့နေရာက ရဲစခန်းနဲ့နီးတော့ ရှင်းပြီးတာနဲ့ ပြန်ဆုတ်ခွာခဲ့ရပါတယ်။ ရဲဘော်တွေ အထိ အခိုက်မရှိပါဘူး” ဟု အောင်တိုင်းစံပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် မုံရွာမြို့နယ်(ပလဖ)ခေါင်းဆောင်လီယိုနှင့် မဟာမိတ်အဖွဲ့များက စစ်တပ် လက်အောက်ခံ မုံရွာ မြို့နယ် စည်ပင် သာယာ‌ ရေးဌာနမှ ဒုဦးစီးမှုး မိုးဇော် ကိုယနေ့တွင် ဖမ်းဆီးလိုက်ကြောင်း၊ ၎င်း သည် စစ်ကောင်စီ၏ယန္တရားလည်ပတ်မှုဒေါက်တိုင်ဖြစ်ပြီး ပြည်သူအပေါ် ဂုတ်သွေးစုပ် အမြတ် ထုတ်နေသည့် အရာရှိတစ်ဦးဖြစ်ကြောင်း၊ မုံရွာမြို့နယ်၏ အမည်ပျက်စာရင်း သွင်းခံထား ရသူ ဖြစ်ကြောင်း မုံရွာ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ပြောဆိုသည်။khit thit

ရေစကြိုဒေသခံတဦး ဖမ်းဆီးခံရ

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက ဒေသခံ တယောက်ကို စစ်တပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖူလုံကျေးရွာက ကိုရဲထွန်းအောင်ကို မနေ့ မွန်းလွဲ ၁ နာရီလောက်မှာ တမာတန်းလမ်းဆုံမှာ ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ PDF တွေကို ထောက်ခံတဲ့ စာသားတွေ ရေးသား ဖြန့်ဝေတယ်လို့ဆိုပြီး ဖမ်းဆီးသွားတာလို့ ရေစကြို ဒေသခံတယောက်က  ပြောပါတယ်။

အဲဒီနောက် ကိုရဲထွန်းအောင်ရဲ့ လက်ကိုင်ဖုန်းကို သိမ်းဆည်းပြီး ရေစကြိုမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ ရေစကြို မြို့ဝင်၊ မြို့ထွက်ဂိတ်တွေမှာ ခရီးသွားတွေကို နေ့စဥ် စစ်ဆေးပြီး အကြောင်းအမျိုးမျိုပြ ဖမ်းဆီးကာ ငွေညှစ် နေတယ်လို့လည်း ဆိုကြပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဇန်နဝါရီ ၂၀ ရက်အထိ နိုင်ငံတဝန်း  ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃၆၁၉ ယောက်အနက်  ၂၁၅၅ ယောက် ထောင်ဒဏ်ကျနေတယ်လို့  AAPP က ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။DVB

အင်းတော်မြို့နယ်တွင် ဓားစာခံအဖြစ်ခေါ်ဆောင်ခံရသူ ၃ဦး သေဆုံးလျက်တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ၊ လယ်မှီးရွာမှ ဓားစာခံအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီး‌ခေါ်ဆောင်သွားသည့် ဒေသခံ သုံးဦးကို ယနေ့ ဇန်န ဝါရီလ ၂၁ရက် နံနက်ပိုင်းက အင်းတော်မြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာ တောထဲတွင် သေဆုံးလျှက်တွေ့ရှိကြောင်း Indaw Revolution – IR ထံမှ သိရသည်။

“အသက် ၃၅နှစ်အရွယ် ကိုရဲဝင်းအောင်၊ ကိုညိုအေးနဲ့ အသက် ၄၀အရွယ် ကိုစန်းဝေ၊ သူတို့သုံးယောက်ပါ။ သူတို့ကို ဘယ်ချိန်သတ်လိုက်လဲတော့မသိဘူး။ ဒီမနက်မှ အလောင်းတွေ့တာပါ။ ရက်ရက်စက်စက် သတ်ဖြတ်သွားတာပါ” ဟု IR team မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၀ရက် မွန်းလွဲ ၂နာရီအချိန်တွင် အင်းတော်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၃၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့နှင့် KIA၊PDF၊ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင်ရွာကြားတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိနစ် ၃၀ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးကာ သစ်ပုံလွင်ရွာ သင်္ချိုင်းတွင် မြေမြှုပ်ထားသည်ဟု Indaw Revolution-IR က ယနေ့တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် KIA၊ PDF၊ ပကဖ ပူးပေါင်းတပ်ဖွဲ့ဘက်မှ PDFရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်၂၀နှစ်အရွယ် ပကဖရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယခုလက်ရှိတွင် အင်းတော်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီတပ်သားများသည် တပ်မ (၈၈)လက်အောက်ခံ ခမရ (၃၀၁)နှင့် ခလရ(၄၁၆)တပ်ရင်းမှ တပ်သားများဖြစ်သည်ဟု ထုတ်ပြန်ထားသည်။mizzima

ရေးမြို့တွင် နယ်ထိန်းတဦး ပစ်သတ်ခံရ

မွန်ပြည်နယ် ရေးမြို့အဏ္ဏဝါနန္ဒရပ်ကွက်ပိုင် နယ်ထိန်းရဲတပ်ဖွဲ့ဝင် ကိုဟိန်းသူရကို နန္ဒာရပ်ရေခဲစက်နားမှာ ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီလောက် ရေးဘီးလူးအဖွဲ့က ပစ်ခတ်ရှင်းလင်း လိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ကြားက အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်နဲ့လည်း ၅ ဖာလုံ လောက်သာဝေးတဲ့နေရာ မြို့ပေါ်ရပ်ကွက်မှာ နယ်ထိန်းရဲက ဆိုင်ကယ်နဲ့ နယ်မြေသတင်း စုံစမ်းနေစဥ်မှာ လက်နက်ငယ်နဲ့ ၁၆ ချက်လောက် ပစ်ခတ်လိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ 

ဒေသခံတယောက်က “နယ်ထိန်းရဲတယောက် ပစ်ခတ်ခံရအပြီးမှာ အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ်က လက်နက်ကြီးနဲ့ ၁၀ ချက်လောက်ပစ်တယ်။ ပြီးတော့ ကျောင်းရွာ အခြေစိုက် တပ်ရင်းဘက်ကလည်း ၃ ချက်လောက် လှမ်းပစ်တယ်။ လက်နက်ကြီးကျည်က ကျုံလောင်းရွာ ဟောင်း ကျေးရွာဘက်မှာ ကျရောက်ပေါက်ကွဲသလို ထိခိုက်ဒဏ်ရာရတာတွေတော့ မသိရ သေးဘူး” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မြို့ဝင်အထွက်အားလုံးကို ပိတ်ဆို့စစ်ဆေးနေပြီး ပုံမှန်သွားလာနေကြတဲ့ သူတွေတောင် အစစ်ဆေးခံရတယ်လို့ စျေးသည်တယောက်က ပြောပါတယ်။

ရေးဘီးလူးအဖွဲ့ဟာ ကျုံလောင်းရွာဟောင်းကျေးရွာကို ထိန်းချုပ်ထားသလို ပြီးခဲ့တဲ့လတွေက ရေး-ထားဝယ်ကားလမ်းမကြီးပေါ်မှာ ရဲစခန်းမှူးအပါဝင်ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ကားနဲ့ လာ နေစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။DVB

စစ်ရှောင်များ ဖြတ်ကူးရာ ကိုယ်ထူကိုယ်ထ တံတားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ်ကို ဆက်သွယ်ထားသည့် စစ်ရှောင်ပြည်သူများ ဖြတ်ကူးရာ ကိုယ်ထူကိုယ်ထ တံတားတစ်စင်းကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း KDK- Khin U Dog Killers မှ ပြန်ကြားရေးတာ ဝန်ခံက ပြောပါသည်။

ရေဦး – ခင်ဦး တံတားသည် စစ်တပ်က တပ်စွဲထားပြီး သုံးလို့အဆင်မပြေ၍ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် တံတားဖြစ်ကြောင်း ဆက်လက်ပြောသည်။

“မနက်ဖြန်မှ ပြန်ပြင်ရမှာဗျ၊ ညနေကမှ ဝါးနဲ့သစ်သားတွေသွားသယ်ထားတာ၊ ခင်ဦးအနောက်ခြမ်းစစ်ကြောင်းထိုးရင် ရေဦးနယ်ဘက် ပြေးလို့လွယ်အောင်ဆောက်ထားတာပါဗျ”လို့ အဲ့ဒီတာဝန်ခံက ဆိုသည်။

၎င်းတံတားသည် ခင်ဦးနယ်၊ ရွာသစ်ကျေးရွာအနောက်ဘက်နှင့် ရေဦးနယ်၊ မူးသာကုန်းကျေးရွာ အနောက်ဘက်ကို ဆက်သွယ်ထားခြင်း ဖြစ် သည်။

စစ်ကောင်စီတပ်များသည် မူးမြစ်အနောက်ဘက်ကမ်းမှာရှိသည့် ကျွဲကျောင်းသားတွေ အနားယူသော တဲ လေးလုံးကိုလည်း မီးရှို့ခဲ့ကြောင်း ဆက်လက်ပြောသည်။

မူးမြစ်အနောက်ဘက်ကမ်းမှနေ၍ ရွာသစ်ကျေးရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ ပျက်စီးမှုများလည်းရှိသည်ဟု သိရသည်။

“ ရွာထဲကျလို့ ဘုန်းကြီးကျောင်းမှာရှိတဲ့ ကားဂိုထောင်ပေါက်သွားတာလောက်ပဲရှိတာပါဗျ။ ပြေးလို့မလွယ်တဲ့ သက်ကြီးရွယ်အိုတွေတော့ ရှိတယ်ဗျ၊ လက်နက်ငယ်နဲ့ပစ်လို့ ကျေးရွာထဲက အိမ်နည်းနည်းပါးပါးတော့ မှန်ကွဲတာတွေတော့ရှိတယ်ဗျ ” ဟု KDK- Khin U Dog Killers မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ထိုသို့ ပစ်ခေတ်မှုကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိဘဲ ကျွဲတစ်ကောင် ကျည်ထိ သွားကြောင်း ပြောသည်။

၎င်းစစ်ကြောင်းသည် ရေဦးတွင် တပ်စွဲထားသည့် ခမရ(၃၆၄)နှင့် ခလရ(၇၀၁)တို့ ဖြစ်ပြီး ခန့်မှန်းအင်အား ၄၀ ခန့်ပါဝင်ကြောင်း သိရသည်။mizzima

MoU ပတ်စ်ပို့ ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သ ဖြင့် တရားမဝင်နယ်စပ်သွားရောက်မှု ပိုတိုးလာနိုင်

မြန်မာနိုင်ငံမှာ MoU စနစ်နဲ့ ပြည်ပကို တရားဝင် သွားရောက် လုပ်ကိုင်မယ့် ရွှေ့ပြောင်း လုပ်သားတွေအတွက် ပတ်စ်ပို့ လုပ်ပေးမှု ရပ်ဆိုင်းလိုက်တာကြောင့် နယ်စပ်ကနေ တရားမဝင် သွားရောက်မှု ပိုတိုးလာနိုင်တယ်လို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပတ်စ်ပို့ရုံးတွေကို ဇန်နဝါရီ ၂ ရက်နေ့က ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီးနောက် MoU လုပ်သားတွေအတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီး ဌာနတို့က Green Channel နဲ့ သီးသန့်ပတ်စ်ပို့ လုပ်ဆောင်မှုကို ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထပ်မံ ရပ်ဆိုင်းလိုက်တာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “နှစ်နိုင်ငံ အစိုးရတွေ သဘောတူစာချုပ်မှာ လက် မှတ်ထိုးပြီး လုပ်နေတဲ့ Process ကြီးကို အခုလို အဟန့်အတားတွေ ဖြစ်သွားမယ်ဆိုရင် အလုပ်အကိုင်လည်း လုံးဝ မရှိ၊ ဝင်ငွေလည်း လုံးဝ မရှိတဲ့သူတွေက မထူးတော့ဘူးကွာဆိုတဲ့ စိတ်တွေထားပြီးတော့ စွန့်စွန့်စားစားနဲ့ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာမှာကို အလွန် အမင်း စိုးရိမ်မိပါတယ်။ နယ်စပ်ဖြတ်ကျော် တံတားတွေ ပြန်ဖွင့်လိုက်တာကြောင့် ကျနော်တို့ ပထမ မျှော်မှန်းထားတာက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ လုံးဝ မပပျောက်သွားသော်လည်း အတန်အသင့်တော့ လျော့ကျသွားမယ်လို့ မျှော်မှန်းထားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

“အခုလို အခြေအနေအရ ပြည်ပကိုထွက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အလုပ်သမားတွေလည်း ဒီစာအုပ်ကြောင့် ကြန့်ကြာသွားမယ်ဆိုရင် ဟိုဘက်ကို လုပ်သားတွေက ပိုမို အာရုံစိုက်မှာ ကျနော်တို့ စိတ်ပူနေပါတယ်။ နေ့စဉ်တော့ ဝင်လာနေမှာပဲ။ ပြည်တွင်းမှာလည်း အလုပ်အကိုင် အခွင့်အ လမ်းမှ မရှိတာကိုး။ ဝင်ငွေတွေကလည်း ထိုက်သင့်တဲ့ ဝင်ငွေ မဖြစ်တဲ့အတွက် စားဝတ်နေရေးအဆင်ပြေတဲ့ ရေကြည်ရာမြက်နုရာကို သွားနေမှာဖြစ်တဲ့အတွက် တရားမဝင်တဲ့အဆင့်ကတော့ ပုံမှန်အတိုင်း ဆက်ရှိနေဦးမှာပါပဲ”လို့ MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကိုထွက် အလုပ်လုပ်ကိုင်သူတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် စင်ကာပူ၊ တရုတ်၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အရှေ့အလယ်ပိုင်းဒေသ ယူအေအီး နိုင်ငံတွေကို အများဆုံး သွားရောက် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပတ်စ်ပို့ရုံးတွေ ပိတ်ထားသလို ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးမှာလည်း ပတ်စ်ပို့ သက်တမ်းတိုးတာတွေကို အကန့် အသတ်နဲ့ လုပ်ဆောင်ပေးမှုကြောင့် ထိုင်းရောက် မြန်မာ လုပ်သားတွေ အခက်အခဲကြုံနေရသလို ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးကိုလည်း ဇန်နဝါရီ ၄ ရက်က ယာယီ ပိတ်ထားခဲ့ပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဒီလို ပိတ်လိုက်တဲ့အခါကျ မြန်မာနိုင်ငံနဲ့ အနီးဆုံး ထိုင်းနိုင်ငံမှာ လာပြီး အသက်မွေးဝမ်းကျောင်း လုပ်ချင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အခက်အခဲ အကျပ်အတည်း အကြီးကြီး ဖြစ်သွားတာပေါ့။ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပိုတိုးလာနိုင်တယ်။ ပြောမယ်ဆို စစ်အုပ်စုက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပဲ။ ဖွင့်ထားတဲ့ ပတ်စ်ပို့ရုံးတွေ ပိတ်လိုက်တယ်။ လူငယ်တွေရဲ့ ရေခြားမြေခြားမှာ စွန့်စား သွားလာလိုတဲ့ စိတ်ဓာတ်တွေ တခါတည်း ရိုက်ချိုးလိုက်တာပဲ။ လူတန်း စားပေါင်းစုံ ပြည်သူလူထုတွေ ဒုက္ခရောက်လေ သူတို့ကြိုက်လေပဲ။ တရားဝင် မရရင် တရားမဝင် လာမှာပဲ။ အိမ်ပေါင်၊ ခြံပေါင်၊ လယ်ပေါင် အတိုးကြီးကြီးနဲ့ ချေးငှားပြီး ထိုင်းနိုင်ငံလာဖို့ လုပ်ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းကို တရားမဝင် နယ်စပ်ကနေ ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၁၀ ခုမက ရှိနေပြီး ဝင်ရောက်မှု အများဆုံးက မြဝတီ-မဲဆောက် လမ်း ကြောင်း၊ တနင်္သာရီနယ်စပ် ပရကျူပ်ခီရီခန်၊ မွန်ပြည်နယ် နယ်စပ် ကန်ချနပူရီ၊ ရှမ်းပြည်အရှေ့ပိုင်းနယ်စပ် ချင်းရိုင် လမ်းကြောင်းနဲ့ ကယားပြည် နယ်စပ် မယ်ဟောင်ဆောင်စတဲ့ လမ်းကြောင်းပေါင်းစုံက ဝင်ရောက်မှုတွေ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံကနေ တရားဝင် MoU လမ်းကြောင်းနဲ့ လာရောက်လိုတဲ့ အလုပ်သမား အချို့ဟာ သက်ဆိုင်ရာ စာရွက်စာတမ်းတွေ တင်ထားပြီး၊ ပတ်စ်ပို့ ပြုလုပ်နေဆဲ အခြေအနေမှာ အခုလို ပတ်စ်ပို့ ရုံးတွေ ပိတ်လိုက်တာကြောင့် အလုပ်အကိုင် စောင့်ဆိုင်းရမှုတွေနဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရပါတယ်။

မြန်မာလုပ်သားတဦးက “ပတ်စ်ပို့ လုပ်လို့ မရသေးဘူး။ အလုပ်သမားတွေက စာရွက်စာတမ်း တင်ထားတယ်။ အခု ပတ်စ်ပို့ရုံး ပိတ်ထားတော့ အခက်အခဲရှိတယ်။ ပိုပြီးတော့ ဦးစားပေးချင်တာ အလုပ်သမားတွေပေါ့။ အလုပ်သမားတွေက ပိုက်ဆံ အများကြီး ပေးပြီးတော့ ပတ်စ်ပို့ရုံး တင်ထား၊ အခုကျ ပတ်စ်ပို့လည်း မရသေးဘူး။ အလုပ်လည်း မရသေး မြန်မာပြည်မှာပဲ ခံနေတာလေ။ အရမ်းအခက်အခဲဖြစ်တယ်။ မြန်မာ နိုင်ငံမှာ နေတော့လည်း စားဝတ်နေရေးအတွက် ဘာမှ အဆင်မပြေလို့ အရင်းနှီးထုတ်ပြီး ဒီဘက်ကူးချင်တာ။ ပတ်စ်ပို့ရုံး ပိတ်ထားတော့ ဟိုမရောက် ဒီမရောက် ဖြစ်ကုန်တာပေါ့။ မြန်မာပြည်မှာနေတော့လည်း အလုပ်မရှိဘူးလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ အဖမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ပေါင်း ၄၆၄၀၀ ကျော်ရှိခဲ့ပြီး၊ တရားမဝင် လမ်းကြောင်းကနေ လာရောက်ချိန် မတော်တဆမှုတွေကနေ တစ်နှစ်အတွင်း သေဆုံး သူ ၁၆ ဦး၊ ဒဏ်ရာရသူ ၁၅၃ ဦးရှိခဲ့တယ်လို့  မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ ပိုမို များပြားလာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လက်ရှိ အလုပ်လုပ်ကိုင်နေသူ အရေအတွက် ၅ သန်း နီးပါးရှိနေပြီလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။DVB

စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့တွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး သေဆုံးကာ PDF ၂ ဦးကျဆုံး၊ ပြည်သူ ၃ ဦးကို စစ် တပ်က သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မင်းကင်းမြို့နယ်နှင့် မန္တ လေးတိုင်း၊ သပိတ် ကျင်း မြို့နယ်တို့တွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေ ဆုံးကာ PDF ၂ ဦး ကျဆုံးကြောင်း၊ စစ်တပ်ကဓားစာခံ ပြည်သူ ၃ ဦးကို ဖမ်း ဆီး၍ ရက်ရက်စက် စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့ များ ထံမှ သိရသည်။

အင်းတော်တိုက်ပွဲတွင် စစ်သား ၁ ဦးသေဆုံးပြီး PDF ၁ ဦး ကျဆုံးကာ ပြည်သူ ၃ ကို စစ်တပ်က သတ်ဖြတ်

===========================================

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင် ရွာ အကြားတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် သား ၁ ဦးသေဆုံးကာ PDF ၁ ဦး ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ် တပ်က ဓားစာခံ ပြည်သူ ၃ ဦး ကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း Indaw Revolution –IR မှ တာဝန် ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ အင်အား ၁၃၀ ခန့်ဖြင့် ထီးချိုင့်မှ ချီတက်လာသော စစ်တပ် စစ်ကြောင်းက ထီးချိုင့်မြို့နယ်၊ လယ်မှီးရွာမှ ပြည်သူများကို ဓားစာခံ အဖြစ် ဖမ်းဆီးကာ အင်းတော်မြို့နယ်အတွင်း ဝင်ရောက်လာကြောင်း၊ ကြိမ် ချောင်း ရွာနှင့် သစ်ပုံလွင်ရွာ အကြား အရောက် KIA ၊ PDF၊ ပကဖ ပူး ပေါင်း အဖွဲ့တို့က စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက အခုဆိုရင် ကမ်းနီရွာ နားကို ရောက်နေပြီ။ တိုက်ပွဲမှာ သေသွား တဲ့ စစ်ခွေးတစ်ကောင်ကို သစ်ပုံလွင်ရွာ သင်္ချိုင်းမှာ မြေမြုပ်ထားခဲ့တာ၊ ပြည်သူ့ ကွယ်ကွယ်ရေး PDF ရဲဘော် တစ်ဦး ကျဆုံးတယ်၊ ၂ ဦး ထိခိုက် ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့ နှစ်ယောက်က မစိုးရိမ်ရပါဘူး၊ ကျဆုံးတဲ့ ရဲဘော်က ပကဖအဖွဲ့ က အသက်၂၀ အရွယ် ရဲဘော် တစ်ဦးပါ။” ဟု Indaw Revolution –IR မှ တာဝန် ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က ဓားစာခံ ဖမ်းဆီး လာ သော အသက် ၃၅ နှစ်အရွယ် ကိုရဲဝင်းအောင်၊ ကိုညိုအေး နှင့်အသက် ၄၀ နှစ်အရွယ် ကိုစန်းဝေ တို့ကို ရက်ရက် စက်စက်သတ်ဖြတ်ပြီး ရုပ်အလောင်း များကို ဥသျှစ် ကုန်း ရွာ အနီးရှိ တောထဲတွင် ပစ်ထားခဲ့ကြောင်း၊ စစ်ရာဇဝတ် မှု ကျူးလွန်သော စစ်ကြောင်းမှာ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ နှင့် ခလရ ၄၁၆ တပ်ရင်းတို့ ဖြစ်ကြောင်း သိရသည်။

မင်းကင်း၊ ဆင်အိုင်မ(ပျူစောထီး)ရွာကို စီးနင်းတိုက်ခိုက်မှု ပျူစောထီး ၅ ဦးသေဆုံးပြီး PDF ၁ ဦး ကျဆုံး

===========================================

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဆင်အိုင်မ(ပျူစောထီး) ကျေးရွာရှိ စစ်တပ် စခန်း ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေ ဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း မင်းကင်းနွေဦးတော် လှန်ရေးသတင်းစဉ်ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ကလေးဝမြို့နယ်၊ အောင်ချမ်း သာ ရဲစ ခန်း မှ အကြမ်းဖက်စစ်သားများသည် ဆင်အိုင်မရွာရှိ ပျူစောထီးများ နှင့် ပူးပေါင်း ကာ တပ်ဖြန့် အထိုင်ချသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ကြောင်း၊ ပျူစောထီး ၅ ဦး သေဆုံးပြီး မင်းကင်း မြို့ နယ် PDF တပ်ရင်း ၄ မှ ဒုတပ်စိပ်မှူး ကိုတင်ထွန်း(ခ) ဗိုလ်မုတ်ဆိတ် ကျဆုံးခဲ့ကြောင်း သိရ သည်။

“မျက်မြင် ပျူစောထီး ၅ ဦးသေပါတယ်၊ ကျနော်တို့ဘက်က ရဲဘော်တစ်ဦး ကျဆုံး တယ်၊ ပြည်သူတွေ ရဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးတာကို စာ နာ နားလည် စေဖို့ ပျူအိမ်တွေကို ရွေးပြီး မီးရှို့ဖျက်ဆီးခဲ့လိုက်တယ်”ဟု Students’ Revolutionary Force –SRF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းကင်းမြို့နယ်၊ ကျောင်းသားတော် လှန်ရေး တပ်ဖွဲ့ (Students’ Revolutionary Force –SRF) ၊ ဒေသခံ ပကဖအဖွဲ့များ၊ မင်းကင်း မြို့နယ်၊ တပ်ရင်း ၄ – က လေးခရိုင် တပ်ရင်း ၁၄ တို့ပူး ပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်တွင် စစ်ကားများ ၂ ကြိမ်မိုင်းဆွဲတိုက် ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံး

=====================================

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ၄ မိုင်ကျေးရွာ အနီးတွင် အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုများပြီး နာရေးကား ၃ စီး ဖြင့် သယ်ဆောင်သွားကြောင်း တကောင်း PDF မှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ပြောကြား သည်။

ယနေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က တကောင်းတိုက်နယ်၊ ၄ မိုင်‌ ကျေးရွာအနီး ပီလော ပစ်‌ ဘုန်းကြီးကျောင်း ၌ အင်အား ၈၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲ ထားသော စစ်သားများအနက် အင်အား ၄၀ ခန့်သည် 4 Wheels ကား ၃ စီးဖြင့် ထွက်ခွာလာစဉ် တကောင်း PDF တပ်ဖွဲ့မှ ရှေ့ထွက်မိုင်း ၁ လုံး၊ ပဒေသာ မိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နာရေးကား ၃ စီးဖြင့် သယ်ဆောင်သွား ခြင်းဖြစ် ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းအထွက်လေးမှာပဲ မိုင်းဆွဲခဲ့တာ၊ တကောင်းမြို့ထဲကနေ နာရေးကား ၃ စီးထွက်လာ ပြီး ချက်ချင်းပဲ သေ ဆုံး၊ ထိခိုက်ဒဏ် ရာရတဲ့ စစ်ခွေးတွေကို တင်တာ၊ ဘယ်သူမှအနား အကပ်မခံဘူး၊ ဘေးနားမှာလည်း စစ်ခွေးတွေဝိုင်းထားတာ၊ မိုင်းဆွဲတဲ့လမ်းမ အပေါ်ထိပ်၊ အောက်ထိပ်အကုန် ပိတ်ပစ်တာ၊ ဘယ်သူမှ အနားကပ်မရတော့ ဘယ်လောက်သေတယ်ဆိုတာ မသိရဘူး” ဟု တကောင်း PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တကောင်းမြို့မှ စစ်ကူထွက်လာသော ကားပေါ်မှ စစ်သားများသည် ၃ မိုင်ကျေးရွာ အရောက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ထိုသို့ ပစ်ခတ်မှု ကြောင့် သပိတ်ကျင်းမြို့နယ်၊ ကြံ့ခိုင်ရေးလွှတ်တော် ကိုယ်စား လှယ်ပိုင် သစ်စက်အတွင်းမှ အလုပ်သမား ၃ ဦးထိမှန်ဒဏ်ရာရရှိခဲ့​ပြီး ၁ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာနှင့် မင်းကုန်း ကျေးရွာ အကြားတွင် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကြောင်း သပိတ် ကျင်း မြို့နယ် ပကဖ အဖွဲ့မှ ဗိုလ်စိုးကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထီးချိုင်မြို့နယ်မှ သပိတ်ကျင်းမြို့နယ်ထဲသို့ ဆင်လားသော အ ကြမ်း ဖက်စစ်ကား ၃ စီးကို သ ပိတ် ကျင်းမြို့နယ် ပကဖ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-ကြာညှပ်က ရှေ့ ထွက် မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ်သားများ ထိ ခိုက် မှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ဆယ်ဇင်းကုန်းရွာနဲ့ မင်းကုန်းရွာ အကြားမှာ ရှေ့ထွက်မိုင်း ၆ လုံးနဲ့ ထီးချိုင့် ဘက် က ဆင်းလာတဲ့ စစ်ခွေးကား ၃ စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်။ ကား တစ်စီး နေရာတင်ထိုးရပ်သွားတယ်၊ ကျန် ၂ စီးက လိုက်ပစ်လို့ ရဲဘော်တွေ ထိ ခိုက်မှု မရှိအောင် ပြန်ဆုတ်ခဲ့ရတယ်။ စစ်ခွေး အ ထိခိုက်များနိုင်တယ်” ဟု သပိတ် ကျင်းမြို့နယ် ပကဖ အဖွဲ့က ဗိုလ်စိုးကြီးက ပြောဆိုသည်။ khit thit

« Older Entries