ကရင်ပြည်နယ် ဘုရားသုံးဆူရှိ DKBA အ ကြီးအကဲနေအိမ် ဗုံးကြဲခံရ


ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် နေထိုင်သည့် တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားတပ်ဖွဲ့ (DKBA) မှ အမှတ်(၂) စစ်ကွပ်ကွဲရေးနည်းဗျူဟာ ဗိုလ်မှူးကြီးစောအေဝမ်း၏ နေအိမ် ယနေ့ (ဇန်နဝါရီ ၂၁)နံနက် ၁ နာရီက ဗုံးကြဲတိုက်ခိုက်ခံရသည်။
တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး နေအိမ်နှင့် အလုပ်သမားတန်းလျားအပါအဝင် အဆောက်အဦ အချို့ထိခိုက်ပျက်စီးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ခရိုင်အတွင်းအရေးမှူး ပဒိုစောလစ္စတန်က အတည်ပြုသည်။
“အဆောက်အဦတွေကို ပျက်စီးစေခဲ့ပါတယ်။ လူကတော့ ဒဏ်ရာ အနည်းငယ်ရသူ နှစ်ဦးက လွဲပြီး တခြား ထိခိုက်သူ မရှိဘူးလို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။
DKBA အဖွဲ့သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် အဖွဲ့ ဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို မဆန့်ကျင်သည့်အဖွဲ့ဖြစ်သလို စစ်ကောင်စီနှင့် လုပ်ငန်းများပူးပေါင်း လုပ်ဆောင်နေသည့် အဖွဲ့လည်း ဖြစ်သည်။
ဗုံးကြဲခံရမှုကြောင့် ပျက်စီးနေသည့် ဗိုလ်မှူးကြီး စောအေဝမ်း၏ နေအိမ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းနှင့် အတူ ရိုက်ကူးထားသည့် ဓာတ်ပုံအပြင် စစ်ကောင်စီဘက်က ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဥက္ကဋ္ဌ ရာပြည့်တို့နှင့် အတူ ရိုက် ကူးထားသည့် ဓာတ်ပုံများကိုလည်း တွေ့ရ သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နှင့် ခြံအတွင်းရှိ အဆောက်အဦနှစ်ခု ထိခိုက်ပျက်စီးခဲ့သလို လေယာဉ်ပေါ်မှ ပွိုင့်ဖိုက် အမျိုးအစား စက် သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ဗိုလ်မှူးကြီး စောအေဝမ်း၏ မိသားစု ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့ကြောင်း KNU ဘက်ကဆိုသည်။
“မှားကြဲတာတော့ မဖြစ်နိုင်ဘူး။ အစီအစဉ် သေချာရှိပုံရပါတယ်။ လေယာဉ် ၃ စီးနဲ့ အဲ့ဒီဝန်းထဲပဲ ဗုံးကြဲတာ ဆိုတော့လေ” ဟု ပဒိုစောလစ္စတန်က ပြောသည်။
ထိုနေရာသည် KNU တပ်မဟာ ၆ နယ်မြေအတွင်း တည်ရှိပြီး KNU,PDF ပူးပေါင်းတပ်များလည်း လှုပ်ရှားသော နယ်မြေဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်ခံရသူ ဗိုလ်မှူးကြီးစောအေဝမ်းသည် လူတိုင်းနှင့် သင့်တင့်အောင် ပေါင်းသင်းတတ်သူ ဖြစ်ပြီး စစ်ကောင်စီတပ်မှ အရာရှိ တော် တော်များများဖြင့် တွဲသွားတွဲလာ ဆက်ဆံခြင်းမျိုးကို တွေ့ရလေ့ ရှိသလို ဘုရားသုံးဆူဒေသတစ်ဝိုက်တွင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သူဖြစ်ကြောင်း ပဒိုစောလစ္စတန်က မှတ်ချက်ပေးသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်ခံရသည့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ ဒေသသည် KNU တပ်မဟာ ၆ ထိန်း ချုပ်နယ်မြေဖြစ်ပြီး စစ်တပ်က မကြာခဏ ဆိုသလို ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်။ myanmar now