စစ်ကောင်စီကို ရုရှားက ထောက်ပံ့မှုတိုးလာပါက မြန်မာ ပြည်သူများကို နှစ်ဆတိုးကူညီမည်

စစ်ကောင်စီကို ရုရှားက ထောက်ပံ့မှုတိုးလာပါက မြန်မာ ပြည်သူများကို နှစ်ဆတိုးကူညီမည်ဟု အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က VOA နှင့် သီးသန့် တွေ့ဆုံစဉ် ပြောကြားသည်။
စစ်ကောင်စီကို စစ်ရေးအရ ထောက်ပံ့မှုအများဆုံးပေးနေသည်မှာ ရုရှားဖြစ်ကြောင်း၊ ယင်းသို့ထောက်ပံ့မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချ ကြောင်း Derek Chollet က ပြောသည်။
” မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ပထမဆုံး အကြိမ်အဖြစ်နဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ထွက်လာတာဖြစ်ပါတယ်။ ရုရှားကလည်း ၂ နှစ် လောက်အကြာမှာ လုံခြုံရေးကောင်စီကို ဆုံးဖြတ်ချက်ချခွင့်ပြုခဲ့တာပါ။ ဒါဟာ ကျနော်တို့ လုပ်နိုင်တယ်ဆိုတာ ပြလိုက်တာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ ရုရှားက စစ်ကောင်စီနဲ့ ပိုပိုပြီး နီးကပ်သွားခဲ့တာ ဖြစ်ပြီး ဒီပုံအတိုင်းဆက် ရှိနေမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေကို ပံ့ပိုးတဲ့ ကျနော်တို့ လုပ်ရပ်ကို ဒေသတွင်းက ကျနော်တို့လို ဆန္ဒရှိတဲ့ မဟာမိတ်တွေနဲ့ အတူလက်တွဲပြီး ၂ ဆတိုးလုပ်ဆောင်ပြီး မြန်မာ့အရေး အဖြေရှာဖို့ ကြိုးစားရမှာပါ” ဟု အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ပြောသည်။
သတင်းလွတ်လပ်ခွင့်မရှိခြင်း၊ ထင်ရှားသည့် အတိုက်အခံ ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခြင်းများရှိသည့် မြန်မာနိုင်ငံ တွင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည်ဆိုခြင်းကို အမေရိကန်က အသိအမှတ်ပြုမည် မဟုတ်ကြောင်း ၎င်းက ထပ်မံ အတည်ပြုခဲ့သည်။
” အခုဆို မြန်မာနိုင်ငံရဲ့ ထက်ဝက်လောက်ကို သူတို့ (စစ် ကောင်စီ)ထိန်းချုပ်မထားနိုင်တဲ့အတွက် ဘယ်လိုလုပ်ပြီး ရွေးကောက်ပွဲတွေ ကျင်းပမလဲတော့ မသိပါဘူး။ ထင်ရှားတဲ့ အတိုက်အခံတိုင်းကို ထောင်ချထားပြီး လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက် သတင်းလွတ်လပ်ခွင့်ကို အမှောင်ချထားပြီး သတ်ဖြတ်မှုတွေ ကျူးလွန်နေတာပါ။ ဒါကြောင့် တကယ်လို့ သူတို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးစားနိုင်တယ်ထားအုံး၊ ကျနော်တို့က သူတို့ အယောင်ဆောင် နေတာတွေကို မေ့ပစ်ရမှာလား” ဟု Derek Chollet က ပြောသည်။
အမေရိကန်အနေဖြင့် NUG သာမက တိုင်းရင်းသားအဖွဲ့အစည်း များကိုပါ ဆက်သွယ်နေပြီး သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးထား သည့် NDAA တွင်ပါဝင်သည့် Burma Act အရ ထိ ထိ ရောက် ရောက် အကူအညီပေးနိုင်ရန် ဆောင်ရွက်နေသည်ဟု Derek Chollet က ပြော သည်။
” မြန်မာနိုင်ငံထဲက ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေအတွက် လူသေစေတဲ့ လက်နက်မပါပဲ အထောက်အကူတွေ ပေးနေတာ လည်း နှစ်အတော်ကြာပါပြီ။ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ရော တိုင်းရင်းသား အဖွဲ့စည်း တချို့နဲ့ပါ ကျနော်တို့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။ မြန်မာနိ်ုင်ငံ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်ရောက်လာဖို့ သူတို့ရဲ့ ကြိုးစားမှုတွေအတွက် ကျနော်တို့ ဘယ်လို အကူညီပေးနိုင်မယ်ဆိုတာတွေ ဆွေးနွေးကြတာပါ” ဟု ၎င်းကပြောသည်။
သမ္မတ Biden လက်မှတ်ရေးထိုးအတည်ပြုထားသည့် NDAA အမျိုးသား ကာကွယ်ရေး အသုံးစရိတ် ဥပဒေပါ Burma Act အရ မြန်မာ့ဒီမိုကရေစီအ ရေး တိုက်ပွဲဝင်နေသည့် NUG, NUCC, PDF, CDM နှင့် တိုင်းရင်းလက်နက်ကိုင် အင်အားစုများအတွက် Non-lethal အထောက်အပံ့အဖြစ်အ မေရိကန် ဒေါ်လာ ၁၃၆ သန်း ကူညီမည် ဖြစ်သည်။
စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလက်ကင်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ကတည်းက ပြောကြားထားသည်။mizzima