ဘောလခဲမြို့နယ် မယ်စလောင်းတောင်ကုန်းရှိ စစ်ကောင်စီကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိ

ဘောလခဲမြို့နယ် မယ်စလောင်းတောင်ကုန်းရှိ စစ်ကောင်စီကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိ ကြောင်း KNDF က သတင်းထုတ်ပြန်သည်။
ကရင်နီပြည်နယ် ၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် စစ်ကောင်စီက အခိုင်အမာတပ်စခန်းချထားသောစခန်းအား ဇန်နဝါရီ ၂၀ ရက် ၊ နံနက် ၇ နာရီ ၅၀ မိနစ်တွင် Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲမှာ နှစ်နာရီ နီးပါးကြာမြင့်ခဲ့ပြီး နံနက် ၉ နာရီခွဲတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ စခန်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ပြီး ကျန်သူများမှာ ထွက်ပြေးသွားခဲ့ သည်ဟု KNDF က သတင်းထုတ်ပြန်သည်။
စခန်းသိမ်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့များ အသုံးပြု ခဲ့သော (၆၀)မမ စိန်ပြောင်း နစ်လက်၊ RPG တစ်လက်၊ MA-1 တစ်လက် ၊MA -2 တစ်လက် ၊ MA-3 တစ်လက် ၊ MA-4 79တွဲ တစ်လက် ၊ 9mm တစ်လက် ၊ ငါးကြင်းမြီး တစ်လက် ၊ စနိုက်ပါ တစ်လက်၊ မိုင်းများ၊ ခဲယမ်းကျည်ဆံများ၊အခြားအသုံးအဆောင်ပစ္စည်များ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲတွင် ကရင်နီတပ်မတော် (KA)မှ ရဲဘော်တစ်ဦး ကျဆုံး ခဲ့ရပြီး အာဇာနည်သူရဲကောင်းအဖြစ် လေးစားအသိအမှတ်ပြု သည်ဟု KNDF က ထုတ်ပြန်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှတိုက်လေယာဉ် တစ်စင်းဖြင့် သုံးကြိမ် တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့ပြီး ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ သော်လည်း စခန်းကို သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
အဆိုပါ မယ်စလောင်းတောင်စခန်းကုန်းမှာ ဘောလခဲမြို့နယ် အတွင်း စစ်ရေးအရအရေးပါ၍ နှစ်ပေါင်းများစွာ အခိုင်အမာ တပ်ချကာ ခြေကုပ်ယူထားသော စခန်းတစ်ခု ဖြစ်ပြီး ပြည်သူလူထုအား နေ့စဉ်လက်နက်ကြီးများ ပစ်ခတ်၍ စစ်ရာဇဝတ်မှုကျူးလွန်နေသော စစ်ကောင်စီ၏ စခန်းများအနက် တစ်ခု ဖြစ်သည်။
စစ်ကောင်စီ၏ မယ်စလောင်းတောင်စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နေချိန်တွင် KA ၊ KNDF B (21) ၊ KNDF B (10) ၊ ဘောလခဲ PDF တို့မှ ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းအချို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ဘဲ ပူးပေါင်းတပ်များဖက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။ mizzima