မန္တလေးတွင် လူဦးရေစာရင်း ကောက်ပေးနေသည့်ရပ်ကွက်ရုံး ဗုံးပစ်ခံရ

မန္တလေးမြို့တွင် ယမန်နေ့က စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ပေးနေသည့် ရပ်ကွက်ရုံးတစ်ရုံး ဗုံးပစ်တိုက်ခိုက်ခံလိုက်ရကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၊၈၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြားရှိ၊ ပြည်ကြီးပျော်ဘွယ် ရပ်ကွက်ရုံးသည် ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက် နံနက် ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ No More Dictatorship People Defence Force-NMD PDF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး အဆိုပါဗုံးမှာ ပေါက်ကွဲခြင်း မရှိခဲ့ကြောင်း ဆိုသည်။
“ပစ္စည်း Error(ချို့ယွင်းချက်)ကြောင့် မအောင်မြင့်ခဲ့ပါ။ လက်နက်ခဲယမ်းအင်အား ငွေအင်အားမပြည့်စုံသောကြောင့် လက်လုပ်များ အသုံးပြုနေရသဖြင့် မအောင်မြင်ရခြင်းကို နားလည်ပေးကြပါရန် ပန်ကြားအပ်ပါသည်။ ပြည်သူများအနေဖြင့် အတုအယောင်ရွေး ကောက်ပွဲအား ဆန့် ကျင်ကြရန် တိုက်တွန်းအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NMDPDF သည် စစ်ကောင်စီ၏လူဦးရေစာရင်းကောက်ယူခြင်းကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့တွင် အစောဆုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အ ဖွဲ့တစ်ခုဖြစ်ပြီး ဇန်နဝါရီလ ၁၁ ရက်မှ ယနေ့အထိ ကိုးကြိမ်တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
မန္တလေးမြို့တွင် စစ်ကောင်စီ၏ လူဦးရေစာရင်းကောက်ယူခြင်း ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီလ ၁၁ ရက်မှ ယနေ့အထိ စစ်ကောင်စီ၏ လက် အောက်ခံများမှာ ၁၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခံထားရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးခဲ့သည်။ mizzima