မန္တလေးမြို့ပြပြောက်ကျားရဲဘော် ရှေ့တန်းတွင် ပျောက်ဆုံးနေဟုဆို

မန္တလေးမြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Rangers of Mandalay အဖွဲ့မှ ပြောက်ကျားရဲဘော်တစ်ဦး ရှေ့တန်းထွက်ရင်း ပျောက်ဆုံးနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
“တိုက်ပွဲမှာ လူကွဲသွားတယ်လို့သိရတယ်။ စခ(စစ်ကောင်စီတပ်ဖွဲ့)Point ဘက် ပိတ်မိသွားတာပါ။ တစ်ပတ်လောက်ရှိပါပြီ” ဟု Rangers of Mandalay မှ ဗိုလ်လင်းယုန်က မဇ္စျိမသို့ပြောသည်။
ရှေ့တန်းထွက်နေစဉ် မိခင်တပ်ရင်းနှင့်အဆက်အသွယ် ပြတ်သွားခြင်းဖြစ်ပြီး အဆက်အသွယ်ရရှိရန် ကြိုးပမ်းနေကြောင်း မိခင်တပ်ရင်းဖြစ်သည့် MN PDF Myitnge မန္တလေးခရိုင် အမှတ်(၅)တပ်ရင်းကလည်း သတင်းထုတ်ပြန် သည်။
“MN-PDF မန္တလေးခရိုင်အမှတ်(၅)တပ်ရင်းမှ ရဲဘော်ဖီးနစ်သည်၊ တပ်ရင်းမှရဲဘော်များနှင့်အတူ စစ်ခွေး(စစ်ကောင်စီတပ်)များကို တော်လှန်ရင်း ရှေ့တန်းတစ်နေရာတွင် ပျောက်ဆုံးလျက်ရှိသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်ပါသည်။ ၉.၁.၂၀၂၃ ရက်နေ့တွင် စစ်ခွေးများနှင့် ထိပ်တိုက်တိုက်ပွဲတွင် တွေ့ဆုံပြီး အဖော်ကွဲပြီး ယနေ့အထိ အဆက်အသွယ်မရပျောက်ဆုံးလျက်ရှိပါသည်။ ရဲဘော်ဖီးနစ်အား တပ်ရင်းမှတာ၀န်ရှိသူများ ရဲဘော်များမှ အဆက်အသွယ်ရရန်အတွက် ကြိုးပမ်းလျက်ရှိပါကြောင်း” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် Rangers of Mandalay အဖွဲ့သည် MN PDF Myitnge မန္တလေးခရိုင်အမှတ်(၅)တပ်ရင်းမှ တပ်ခွဲတစ်ခုဖြစ်ပြီး မန္တလေးမြို့နှင့် အထက်မြန်မာပြည်တွင် စစ်ကောင်စီတပ်ကို ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည်။mizzima