မရမ်းကုန်းမြို့နယ် လဝက ရုံးသို့ ဗုံးပစ်တိုက် ခိုက်ခဲ့သော်လည်း မပေါက်ကွဲသဖြင့် စစ်ကောင်စီတပ်မှ ဖောက်ခွဲဖျက်ဆီး

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ လဝကရုံးသို့ ယမန်နေ့က မြို့ပြပြောက်ကျားအဖွဲ့မှ ဗုံးပစ်တိုက်ခိုက်ခဲ့သော်လည်း မပေါက်ကွဲသောကြောင့် စစ်ကောင်စီတပ်မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ရုံးအနေအထားကတော့ လုံခြုံရေးမရှိကြပါဘူး၊ တကယ်ထိလိုက်ရင် အထဲကကောင်တွေ အသေပါပဲ၊ ဒါပေမဲ့လည်း ရုံးထဲမှာဧည့်စာရင်းတိုင်တဲ့သူတွေ အထူးသဖြင့် ဧည့်စာရင်းလာတိုင်တာ တစ်ယောက်တည်းမလာဘဲ ကလေးသေးသေးလေးကအစ အကုန်ခေါ်လာကြပါတယ်။ ပစ်ထည့်လိုက်ရင် အကုန်ထိကုန်မှာသိပေမဲ့ ကလေးတွေရှိတော့ မလုပ်ရက်ခဲ့ပါဘူး၊ အဲ့တာကြောင့် ပထမ လူအသေထိလုပ်မဲ့အစီစဉ်ကနေ သ တိပေးတဲ့အဆင့်ကိုလျော့ချခဲ့တာပါဗျ။ ပေါက်ကွဲခဲ့ရင်လည်း လူမထိအောင်တမင်လူမရှိတဲ့ဘန်ကာထဲထည့်ခဲ့တာပါခင်ဗျ” ဟု တိုက်ခိုက်မှုအနေအ ထားနှင့်ပတ်သက်၍ Yangon Rangers အဖွဲ့တာဝန်ခံမှ မဇ္ဈိမ၏ မေးမြန်းမှုကို စာဖြင့်ပြန်လည်ဖြေကြားသည်။
တိုက်ခိုက်သည့်ပစ္စည်းမအောင်မြင်ရခြင်းမှာလည်း အလှူငွေမရရှိသဖြင့် အရည်အသွေးနိမ့်သော ပစ္စည်းများဖြင့်သာ အလုပ်လုပ်ရခြင်းကြောင့်ဖြစ်ပြီး ကိုယ့်စရိတ်ကိုယ်စိုက်ကာ မစ်ရှင်များ လုပ်ဆောင်နေရသောကြောင့်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောပြသည်။
တိုက်ခိုက်မှုပြုလုပ်ချိန်၌ ရုံးထဲရှိဝန်ထမ်းများမှာ ပြေးထွက်လာကြသလို တွားသွားထွက်လာသည့်သူများပင်ရှိကြောင်း သတင်းရင်းမြစ်များထံမှတစ်ဆင့်ပြန်လည်သိရှိရပြီး ဤအကြောင်းအရာကို ကြားသိရသောအခါ “သူများကျ ဘယ်ကောင်သေရဲလဲတဲ့၊ ဒီကောင်တွေအလှည့်ကျကြောက်လိုက်တာတုန်နေရော” ဟု မြို့ပြပြောက်ကျားအဖွဲ့က ပြောသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့ကပြုလုပ်ခဲ့သော မရမ်းကုန်းမြို့နယ် လဝကရုံးကို တိုက်ခိုက်မှုအား Yangon Rangers အဖွဲ့နှင့် The City Defence Force မဟာမိတ်ညီနောင်တို့မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ mizzima