မဟာမုနိဘုရားကြီးတွင် ဆိုင်ပိတ်ဆန္ဒပြမှု မအောင်မြင်၊ ဆိုင်မဖွင့်လျှင် ချိပ်ပိတ်မည်ဟုခြိမ်းခြောက်

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး ဘဏ္ဍာတော်ပိုင် တိုက်တန်းနှင့် စောင်းတန်းများရှိ ဆိုင်ခန်းငှားရမ်းခကို နှစ်ဆကျော်တိုးမြှင့် ကောက်ခံမှုအပေါ် ကျေနပ်မှုမရှိကြသည့် ဆိုင်ခန်းရှင်များက၊ ဆိုင် သုံးရက်ပိတ် ဆန္ဒပြကြသော်လည်း လိုက်လျောမပေးဘဲ မဖွင့်သည့်ဆိုင်ခန်းအား ချိပ်ပိတ်သိမ်း ယူမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။
“မနေ့က မနက်ပိုင်းမှာ စကစ(စစ်ကောင်စီ)၀န်ကြီးတွေရယ်၊ ဂေါပကရယ် ၊ဆိုင်ခန်းပိုင်ရှင်တွေရယ် တွေ့ကြတယ်။ စကစ (စစ်ကောင်စီတပ်) ဘက်က ဆိုင်သမားတွေတောင်းဆိုတာကို မလိုက်လျောပေးဘူး။ မလိုက်လျောပေးတဲ့အပြင် ဆိုင်မဖွင့်ရင် ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်သွားလို့ သူတို့အခက်တွေ့နေကြတယ်” ဟု ဆိုင်ခန်းရှင်များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
မန္တလေး မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့က ဆိုင်ခန်းငှားရမ်းခ နှစ်ဆကျော်တိုးကောက်ရန် လုပ်ဆောင်လာခြင်းကြောင့် ဆိုင်ခန်းရှင်များက ဇန်နဝါရီလ ၁၈ ရက်မှ ၂၀ ရက်အထိ ဆိုင် သုံးရက်ပိတ်ပြီး ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြမှု ဒုတိယရက်မြောက် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နံနက်ပိုင်းတွင် မန္တလေးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘုရားကြီးဂေါပကအဖွဲ့တို့က ဆိုင်ခန်းရှင်များအား ခေါ်ယူတွေ့ဆုံကာ ၎င်းတို့ဘက်က မလိုက်လျောနိုင်ကြောင်း ပြောခဲ့ပြီး ဆိုင်ခန်းများချိပ်ပိတ်သိမ်းယူမည်အထိ ခြိမ်း ခြောက်ပြောဆိုခဲ့သည်ဟုလည်း ဆိုင်ခန်းရှင်တချို့က ဆိုသည်။
မန္တလေးမြို့ မဟာမုနိဘုရားကြီး(မဟာမုနိရုပ်ရှင်တော်မြတ်)ဘဏ္ဍာတော်ပိုင် တိုက်တန်းနှင့်စောင်းတန်းများတွင် ဆိုင်ခန်းပေါင်း ၃၆၅ ခန်းရှိပြီး၊ ယခင်က တစ်လလျှင် ၁၆,၀၀၀ ကျပ်မှ ကျပ် ၂၀,၀၀၀ကျပ် ကျော်ရှိခဲ့ရာ နှုန်းသစ်အဖြစ် တစ်လလျှင် ၄၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်အထိ သတ်မှတ်ကောက်ခံရန် ဂေါပကအဖွဲ့က ပြင်ဆင်ပြီး ၂၀၂၂ခုနှစ် နို၀င်ဘာလတွင် ဆိုင်ခန်းရှင်များထံ အကြောင်းကြားခဲ့သည်။
ဘုရားကြီးဘဏ္ဍာငွေများအနေဖြင့် ဘုရားဖူးခရီးသည်များ၏ နေ့စဉ်လှူဒါန်းငွေအပြင် ရွှေသင်္ကန်းကပ်ခြင်း၊ ရွှေမှိုက်ထုတ်ခြင်း၊ ဆိုင်ခန်းငှားရမ်းခ၊ ယာဉ်ရပ်နားခ ကောက်ခံခြင်းတို့မှ ရရှိနေခြင်းဖြစ်ပြီး ယခင်ပြည်သူ့အစိုးရလက်ထက် ဘဏ္ဍာတော်ငွေစာရင်းရှင်းတမ်းအရ ဘဏ္ဍာငွေကျပ်သန်းပေါင်း ၁၂,၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။mizzima