မြိုင်တွင် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ
မြိုင်မြို့နယ်၊ သရက်ကွရွာအနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Scorpion People Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြိုင်မြို့နယ်၊ သရက်ကွရွာအနီး ဒဏ်ရာရ စစ်သားများကို ဆေးရုံသို့ ပို့ဆောင်ပြီး ပြန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေးများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
“အထိခိုက်တော့ မသိရသေးဘူး။ ကားမောင်းတဲ့ ကောင်ကတော့ သေဖို့များတယ်။ ဒီနေ့ဖြစ်တာ ၂ နာရီ ခွဲလောက်က သရက်ကွ ပျူရွာ မြောက်ဘက်နားမှာ သူတို့က ဒဏ်ရာရတဲ့ ကောင်ကိုပို့ပြီး ပြန်လာတာ။ ကျွန်တော်တို့က လမ်းမှာ ကင်းပုန်းဝပ်ပြီး စောင့်ပစ်တာ သူတို့က Drone နဲ့ရှေ့ကိုကြည့်ပြီး ရမ်းပစ်ပြီး တက်လာတာ ကျွန်တော်တို့ဝပ်တဲ့နေရာနားလေးက မြက်တောကို မီးရှို့သေးတယ်။ ကားက နောက်က နေလိုက်လာတာ လူတွေက ရှေ့ကအရင်တက်လာတာ ကျွန်တော်တို့ ပုန်းနေတဲ့ ခြုံကိုတော့ဟမရှို့သွားဘူး။ ကားကတော့ စုတ်ပြတ်သွားတယ်” ဟု Scorpion People Defense Force Pakokku People အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Scorpion People Defense Force၊ Pakokku People Defense Force၊ MVP Revolution Force၊ မဟူရာအလင်းတန်း၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ အညာမြေ၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ Justice Revolution Force၊ Earthquake People Defense Force နှင့် Myaing Warrior အဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit