မြိုင်မြို့နယ် စာသင်ကျောင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမ ရဲစခန်းအနီးရှိ စာသင်ကျောင်းတွင်တပ်စွဲပြီး မဲရုံဖွင့်လှစ်ရန်လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း Young Force UG အဖွဲ့မှ ကိုဝိုင်ပီက ပြောသည်။
၎င်းက “စာသင်ကျောင်းမှာ မဲရုံဖွင့်ဖို့လုပ်နေတာ ကိုင်းတောမရဲစခန်းနဲ့ အဲ့စာသင်ကျောင်း ကြားထဲကနေ ဝင်ပစ်ရတာ။ ကျတော်တို့ ကြားထားတာတော့ ငါးယောက်ဒဏ်ရာ ရတယ်လို့ ကြားတယ်” ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက် ကိုင်းတောမရဲစခန်းကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း Young Force UG အဖွဲ့ ကဆိုသည်။
“ကျတော်တို့ သွားတိုက်တဲ့အချိန်မှာ ရဲစခန်းထဲကပါ စက်ကလေးတွေ ၊ ၄၀ မမ တွေနဲ့ ပြန်ပစ်တယ်” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပြန်လည်ပစ်ခတ်မှုများကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် ထိခိုက်မှုမရှိခဲ့သော်လည်း အရပ်သားပြည်သူတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။
ယင်းအပြင် စစ်ကောင်စီက ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို ကူညီသူများသည် ထိုက်သင့်သည့် ပြစ်ဒဏ်များ ပေးဆပ်ရမည်ဟုလည်း Young Force UG အဖွဲ့က ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ပခုက္ကူမြို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Pakokku People Defense Force အဖွဲ့ နှင့် Young Force UG အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။mizzima