လ.ဝ.က ရုံးများတိုက်ခိုက်ခံရမှု ၉ ကြိမ်ဖြစ် ပွားခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်

အာဏာသိမ်းပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး တိုက်ခိုက်ခံရမှု ကိုးကြိမ်ရှိခဲ့ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်ခံရမှုများမှာ ၂၀၂၁ ခုနှစ်အောက်တိုဘာလအတွင်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက တစ်နိုင်ငံလုံး မြေပြင်လူဦးရေစာရင်းကောက်ယူနေသည့် ယခုလတွင် လ.ဝ.ကရုံး မီးရှို့ခံရမှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ခိုက်ခံရမှုများမှာ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင်ဖြစ်ပွားခဲ့ပြီး ယခုလအတွင်းတိုက်ခိုက်ခံရမှုများမှာ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ မြင်းမူမြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ စာရင်းအရ သိရသည်။
မြေပြင်လူဦးရေစာရင်းကောက်ယူမှုဆောင်ရွက်နေသည့်ကာလအတွင်း စစ်ကောင်စီ၏ လ.ဝ.ကရုံးအပြင် စစ်ကိုင်းတိုင်း အင်းတော်နှင့် တမူးမြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးတိုက်ခိုက်ခံရမှုလည်း ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် ရွေးကောက်ပွဲအတွက် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဦးဆောင်ပြီး ထွေအုပ်၊ ရွေး/ကော်၊ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ တိုင်းနှင့် ပြည်နယ်များတွင် ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းများလုပ်ဆောင်လျက်ရှိသည်။
စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်းမပြုရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားပြီး စစ်ကောင်စီကို အားပေးအားမြှောက်ပြုပြီး မြေပြင်လူဦးရေစာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်သူများကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုအရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကထုတ်ပြန်ထားသည်။mizzima