သက်တမ်း နှစ် ၂၀၀ ကျော်ရှိ ခရစ်ယာန်ဘုရားကျောင်းအား PDF များ မီးရှို့ဟု သတင်းအမှားဖြန့်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာတွင်တည်ရှိသည့် နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်း ရှိသည့် ခရစ်ယာန်ဘုရားကျောင်းအား ပြည်သူ့ကာကွယ်ရေးတပ်(PDF)များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။
ဘညွှန့်အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် “ ရေဦးမြို့နယ် ချမ်းသာရွာ နှစ်ပေါင်း၂၀၀ ကျော်ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းကို PDF အကြမ်းဖက်သမားများက မီးရှိဖျက်ဆီးခဲ့ ကြောင်း သတင်းရရှိ” ဟု (မူရင်းအရေးအသားတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။ ဖြန့်ဝေထားသောသတင်း အမှားတွင် ခရစ်ယာန်ဘုရားကျောင်းအဆောက်အအုံ မီးလောင်နေသည့်ပုံလည်း ပါဝင်သည်။
ထိုအကြောင်းကို တယ်လီဂရမ်ချန်နယ် ၁၁ ခုတွင် ကြည့်ရှုသူ ၅၀,၀၀၀ နီးပါး ရှိနေပြီး ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။
မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းတွင် ပါဝင်သည့် အဓိကစကားလုံးများဖြစ်သော “ရေဦးမြို့နယ် ချမ်းသာရွာ”၊ “နှစ်ပေါင်း ၂၀၀ ကျော်ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်း” စသည့် စကားလုံး များဖြင့် လူမှုကွန်ရက်တွင် ရှာဖွေခဲ့သည်။
RFA မြန်မာပိုင်းအစီအစဉ်မှ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် တင်ဆက်ထားသည့် “ရေဦး ချမ်းသာရွာမှာ ရှေးဟောင်းဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ” ဟု ဖော်ပြထားသည်။ သတင်းတွင် ၎င်း ဘုရားကျောင်းအား စစ်ကောင်စီနှင့် ပျူစောထီးတပ်များမှ ဝင်ရောက်မီးရှိုခဲ့ကြောင်း ဒေသခံများထံ မေးမြန်း၍ တင်ဆက်ထားသည်။ လင့် – https://bit.ly/3HfJxDC
အလားတူပင် Myanmar Now နှင့် The Irrawaddy အင်္ဂလိပ်ပိုင်းတို့တွင်လည်း ထိုဘုရားကျောင်းကို စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။ လင့် – t.ly/hJf1 , t.ly/72kyn
စစ်ကိုင်းတိုင်းအတွင်း သတင်းများကိုထုတ်ပြန်လေ့ရှိသည့် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှလည်း ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်မှမီးရှို့ဖျက်ဆီးဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တင်ဆက်ထားသည်။ လင့် – t.ly/d9Tj
ထို့ကြောင့် နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိသည့် ခရစ်ယာန်ဘုရားကျောင်းအား PDF များမှ မီးရှို့ခြင်း မဟုတ်ဘဲ စစ်ကောင်စီတပ်မှ အမှန်တကယ်မီးရှို့ခဲ့သည့် ဖြစ်စဉ်အပေါ် ပြန်ပြောင်းရေးသားကာဖြန့်ဝေ သည့် သတင်းအမှားသာ ဖြစ်သည်။
စစ်ကောင်စီတပ်ထောက်ခံသူများသည် မြန်မာနိုင်ငံ၏နေရာအနှံ့ရှိကျေးရွာများကို စစ်ကောင်စီတပ်မှမီးရှို့ ဖျက်ဆီးသည့်အခါ ပြည်သူ့ကာကွယ် ရေးတပ်(PDF)များကသာ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောင်ပြောင် တင်းတင်းလိမ်လည်ရေးသားနေဆဲ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima