အင်းတော်မြို့နယ်တွင် ဓားစာခံအဖြစ်ခေါ်ဆောင်ခံရသူ ၃ဦး သေဆုံးလျက်တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ၊ လယ်မှီးရွာမှ ဓားစာခံအဖြစ် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ သုံးဦးကို ယနေ့ ဇန်န ဝါရီလ ၂၁ရက် နံနက်ပိုင်းက အင်းတော်မြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာ တောထဲတွင် သေဆုံးလျှက်တွေ့ရှိကြောင်း Indaw Revolution – IR ထံမှ သိရသည်။
“အသက် ၃၅နှစ်အရွယ် ကိုရဲဝင်းအောင်၊ ကိုညိုအေးနဲ့ အသက် ၄၀အရွယ် ကိုစန်းဝေ၊ သူတို့သုံးယောက်ပါ။ သူတို့ကို ဘယ်ချိန်သတ်လိုက်လဲတော့မသိဘူး။ ဒီမနက်မှ အလောင်းတွေ့တာပါ။ ရက်ရက်စက်စက် သတ်ဖြတ်သွားတာပါ” ဟု IR team မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၀ရက် မွန်းလွဲ ၂နာရီအချိန်တွင် အင်းတော်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၃၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့နှင့် KIA၊PDF၊ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင်ရွာကြားတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိနစ် ၃၀ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးကာ သစ်ပုံလွင်ရွာ သင်္ချိုင်းတွင် မြေမြှုပ်ထားသည်ဟု Indaw Revolution-IR က ယနေ့တွင် သတင်းထုတ်ပြန်သည်။
ထို့အပြင် KIA၊ PDF၊ ပကဖ ပူးပေါင်းတပ်ဖွဲ့ဘက်မှ PDFရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်၂၀နှစ်အရွယ် ပကဖရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ယခုလက်ရှိတွင် အင်းတော်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီတပ်သားများသည် တပ်မ (၈၈)လက်အောက်ခံ ခမရ (၃၀၁)နှင့် ခလရ(၄၁၆)တပ်ရင်းမှ တပ်သားများဖြစ်သည်ဟု ထုတ်ပြန်ထားသည်။mizzima