KNU နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဒု- တပ်ရင်းမှူး အပါအဝင် ၅၀ နီးပါး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အ ထိ တိုက်ပွဲတွင် စစ်ကောင်စီတပ် ဒု-တပ်ရင်းမှူးအပါအဝင် ၅၀ နီးပါး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သော မှတ်တမ်းများအရ သိရသည်။
ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်တို့အကြား ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်၏ ဒု−တပ်ရင်းမှူးတစ်ဦး အပါအဝင် ၄၇ ဦးခန့် သေဆုံးခဲ့ပြီး နောက်ထပ် ၁၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း KNU ဗဟိုက ဆိုသည်။
တိုက်ပွဲပေါင်း ၅၀ ကျော်အနက် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့က ဝေဟင်တိုက်ခိုက်မှု ၁၄ ကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း KNU လက်အောက်ခံ တိုက်ခိုက်ရေးတပ်များဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဘက်ကလည်း နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီဘက်ကမူ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်လေ့ မရှိပေ။
KNLA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)၊ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့ များနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ပွဲများကြောင့် လက်ရှိတွင် KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေအတွင်းရှိ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ မူး (မုန်း) မြို့နယ်က ဒေ သခံ ၅,၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။ mizzima