YBS ယာဉ်များ တစ်စီးနှင့်တစ်စီး လုယက် ကျော်တက်မောင်းနှင်ပါက တစ်ကြိမ်လျှင် ဒဏ်ငွေ ၁၀,၀၀၀ ပေးဆောင်ရမည်ဟု YRTC ပြော

YBS ယာဉ်များတစ်စီးနှင့်တစ်စီး ကျော်တက်၍ လုယက်မောင်းနှင်ပါက လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ တစ်ကြိမ်လျှင် ဒဏ်ငွေ ၁၀,၀၀၀ ကောက်မည်ဟု ဇန်နဝါရီ ၂၀ရက်နေ့က ပြုလုပ်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
ထို့အပြင် ယာဉ်စီးခ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်းနှင့် စပယ်ယာ (ယာဉ်နောက်လိုက်) တင်မောင်းခြင်းများ မလုပ်ကြရန်လည်း သတိပေးသည်ဟု ဆိုသည်။
YRTC အနေဖြင့် ဒဏ်ကြေးလိုချင်သောကြောင့် ယခုလို ကောက်ခံရခြင်းမဟုတ်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း YBS ယာဉ်များပေါ်တွင် ဖြစ်ပွားသော အမှုအခင်းများကို CCTV များမှတစ်ဆင့် Yangon Bus Operator ထိန်းချုပ်စင်တာများမှ ကြည့်ရှုနိုင်ရန် ယာဉ်များပေါ်တွင် CCTV များ တပ်ဆင်နေသည်ဟု YRTC က ကြေညာထားသည်။
သို့သော် ယခုလိုတပ်ဆင်ခြင်းသည် YBS ယာဉ်များပေါ်တွင် ပြုလုပ်သော တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ဖမ်းဆီးနိုင်ရန်ဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက သုံးသပ်သည်။
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) သည် NLD အစိုးရလက်ထက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်ဖွဲ့စည်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ကို ၂၀၂၁ ခုနှစ် မေလ ၂၀ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီမှ YRTC ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
YRTC ၏စာရင်းများအရ ရန်ကုန်တွင် YBS ယာဉ်လိုင်း ၁၁၆ လိုင်းရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၃,၀၀၀ ကျော်ပြေးဆွဲနေကာ နေ့စဉ်စီးနင်းသူ ခရီး သည် ပျမ်းမျှအားဖြင့် ၁၀ သိန်းကျော်ရှိသည်ဟု သိရသည်။mizzima