တောင်ဥက္ကလာ၊ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်သူ ရန်ကုန် UG လူငယ် ၁ ဦးကို စစ်အရာရှိဟောင်းပိုင် ငွေတောင် စား သောက်ဆိုင်မှ စားပွဲထိုးများက ရိုက်နှက်သတ် ဖြတ်၊ သာကေတ တွင်လည်း လူ ၁ ဦးပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ် တိုက်ခိုက်ခဲ့သည့် ရန်ကုန် UG လူငယ် ၁ ဦးကို ငွေတောင် စား သောက်ဆိုင်မှ စားပွဲထိုးများက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ရန်ကုန် UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် တောင်ဥက္ကလာမြို့နယ် ၁၄ ရပ်ကွက် ငွေတောင် စားသောက်ဆိုင်ဘေးရှိ ၁၄ ရပ်ကွက် အုပ် ချုပ်ရေးမှူး ရုံးကို UG လူငယ် ၂ ဦးက ဗုံးပစ်တိုက်ခိုက် ခဲ့ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေးရှိ စစ်အရာရှိဟောင်းပိုင် ငွေတောင်စား သောက်ဆိုင်မှ စားပွဲထိုးများက ဝိုင်းဝန်းလိုက်လံ ဖမ်းဆီးရာ လူငယ် ၁ ဦးလွတ်မြောက်ခဲ့သော်လည်း ကျန်လူငယ် ၁ ဦးဖြစ်သည့် ရဲဘော် ကိုသာဒင်မှာ ဖမ်းဆီးခံရကြောင်း၊ ယင်းနောက် ငွေတောင် စားသောက်ဆိုင် စားပွဲထိုးများက ၀ိုင်းရိုက်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။
” ရန်ကုန်တိုင်း တောင်ဥက္ကလာ ၁၄ ရပ်ကွက် ငွေတောင် စားသောက်ဆိုင်က ကျွန်တော်တို့ အဖွဲ့ထဲက ညီလေး သာဒင် ကို ဝိုင်း သတ်လိုက်ကြတာ မြင်မကောင်းဘူး။ ရဲဘော်လေးတွေက လိုက်ဖမ်းတဲ့ ကောင်တွေကို အသံဗုံးတစ်လုံးဖောက်ပြီး ထွက်ပြေးတာတောင် မရ မက လိုက်ဖမ်းကြတယ်။ ဖမ်းခံရ တဲ့ ကောင်လေးကို ဝိုင်းပြီး ရိုက်သတ်လိုက်ကြတယ်။ လိုက်ဖမ်းပေးတဲ့ အဲ့ငွေတောင် စားသောက် ဆိုင်ကောင်တွေက အရင်ထဲက အတော်ဆိုးဆိုးပါ။ အဲ့ဆိုင်က အဲ့နားမှာ နာမည် ကြီးပါတယ်။ ပိုင်ဆိုင် တာကလည်း ဗိုလ်ကြီးဟောင်း ပိုင်တာလို့ ပြောတယ် ” ဟု ရန်ကုန် UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ ငွေတောင် စားသောက်ဆိုင်ပိုင်ရှင်သည် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီးဟောင်း တစ်ဦး ပိုင်ဆိုင်သည့် ဆိုင်ဖြစ်ကြောင်း ရန်ကုန် UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြိုနယ်၊ (၉) ရပ်ကွက်၊ ရတနာပုံလမ်းထောင့်နှင့် နဝရတ်လမ်းထောင့်ရှိ ကောင်းကောင်းလက်ဘက် ရည်ဆိုင်တွင် ရဲလင်းအောင် (ခေါ်) ဝက်ကြီး ကို ဇန်နဝါရီလ ၂၁ ရက် ည ၇ နာရီ ၅၀ မိနစ်အချိန် သေနတ်သမားတချို့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။
ပစ်ခတ်ခံရပြီး သေဆုံးသူ ရဲလင်းအောင် (ခေါ်) ဝက်ကြီးနှင့်ပတ်သက်သော အကြောင်းအရာများကို ရန်ကုန်ခေတ်သစ်က စုံစမ်း၍ မရသေးပေ။khit thit