ပခုက္ကူ-ကံမလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁၁ ဦး သေဆုံးဟုဆို
မကွေးတိုင်း၊ ပခုက္ကူ မြို့ မှ ကံမဘက်သို့ စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ဖောကား ခြောက်စီးပါယာဉ်တန်းကို ယမန်နေ့ ဇန်နဝါ ရီလ ၂၁ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိသွား ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ယာက ပြောသည်။
“အင်အား ၉၀ ကျော် ၁၀၀ လောက်ပါမယ်။ မိုင်းပွိုင့် သုံးပွိုင့်နဲ့ဆွဲတာ ကားပါစုတ်ပြတ်ပြီးတော့မှ ကံမနဲ့ ပခုက္ကူက နာရေးကားတွေနဲ့ လာသယ်ကြတယ်” ဟု ၎င်းကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်သားများသည် ယင်းနေ့ နံနက်အစောပိုင်းမှစ၍ ညနေ ၄ နာရီခန့်အထိ အနီးနားရှိကျေးရွာများကို လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း ဗိုလ်လက်ယာက ပြောသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်များကို ပေါက်မြို့နယ်တွင် တစ်ကြိမ်၊ ပခုက္ကူမြို့နယ် တွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင် အခြားမဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း၍တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းနေ့ နံနက် ၆ နာရီခန့်တွင် ခုက္ကူမြို့နယ် ကောင်းစက်ဝိုင် ဆီပန့်ဆိုင်နှင့် ကန်တော်ကျေးရွာ အကြား တွင် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်သားငါးဦးနှင့် ပျူစောထီးဆိုသူတစ်ဦးတို့ကို အနီးကပ် တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း ဗိုလ်လက်ယာက ပြောသည်။
“အစတုန်းကတော့ မိုင်းဆွဲဖို့သွားတာ မိုင်းဆွဲချိန်မရတော့ဘဲ အနီးကပ်အပြန်အလှန် ပစ်ခတ်မှုဖြစ်တာ သူတို့ဘက် တစ်ကောင်ဒဏ်ရာရပြီး ငါးကောင် ကျတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်များကိုကောက်ယူရန်ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီတပ် သားတစ်ဦးမှ တရစပ်ပစ်ခတ်နေခြင်း ၊ဘုန်းကံပျူရွာမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေခြင်းတို့ကြောင့် လက်နက်ကောက်ယူနိုင်ခြင်း မရှိခဲ့ကြောင်း ဆိုသည်။
ယင်းနေ့ညပိုင်းတွင်လည်း ပေါက်မြို့နယ်ရှိ စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်နှစ်ခုအား မြိုင်(ပကဖ) တပ်ရင်း (၁) နှင့် ပေါက်ဗိုလ်တစ္ဆေအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်မှုများ ရှိနိုင်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ်က ထုတ်ပြန်ထား သည်။mizzima