သရက်ကွကျေးရွာရှိ ကင်းစခန်းကို ပြောက် ကျားတပ်ဖွဲ့ တိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာ(ပျူရွာ)ရှိ စစ်ကောင်စီတပ်ဖွဲ့ ကင်းစခန်းကို ဇန်နဝါရီလ ၂၀ ရက် နံနက် ၇ နာရီခွဲ အချိန်တွင်သွားရောက်တိုက်ခိုခဲ့ရာ ပျူစောထီးအဖွဲ့ဝင်ဆိုသူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မီးပွားက ပြော သည်။
“ပျူရွာက ဘန်ကာကိုသွားပစ်တာ မိန်းမတစ်ယောက်နဲ့ယောကျ်ားတစ်ယောက် ဒဏ်ရာရသွားတယ်။ မိန်းမက လည်ပင်းကို ကျည်မှန်သွားတယ် “ဟု ၎င်းကပြောသည်။
သရက်ကွရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစေထီးဆိုသူများသည် ဒဏ်ရာရသွားသူများကို မြိုင်မြို့ ဆေးရုံသို့ပို့ဆောင်ကြရာ အပြန်လမ်း တွင် ထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မီးပွားကဆိုသည်။
“သူတို့ ပြန်အလာကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ပေါင်းပြီး သရက်ကွအဝင်မှာ ကြိုစောင့်ပြီးတိုက်ခိုက်ခဲ့တာ၊ နှစ်ဦးသေပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ၎င်းကပြောသည်။
သရက်ကွကျေးရွာမှာ ပြည်သူများနေထိုင်ခြင်းမရှိတော့ဘဲ ပျူစောထီးအဖွဲ့ဝင်ဆိုသူများနှင့် စစ်ကောင်စီ တပ်သားများ တပ်စွဲနေထိုင်သည့်ကျေးရွာတစ်ခုဖြစ်ကြောင်းသိရသည်။
သရက်ကွကျေးရွာရှိ ပျူစောထီးဆိုသူများနှင့် စစ်ကောင်စီတပ်သားများသည် အနီးအနားရှိ ကျေးရွာများ ကို စစ်ကြောင်းထိုးခြင်း၊ ပြည်သူ များ၏ပစ္စည်းများကို လုယက်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း များ လုပ်ဆောင်လေ့ရှိသည်ဟု သိရသည်။
တိုက်ခိုက်ခံလိုက်ရသည့် သရက်ကွရွာမှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများသည် ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အနီးအနားရှိ ကျေးရွာများဖြစ်သည့် စလင်းကန် နှင့် အခြားကျေးရွာ တစ်ခုကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။mizzima