Monthly Archives: Jan 2023

အိမ်မဲမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးမိ သားစုကို စစ်ကောင်စီတပ်က ဖမ်းဆီး

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် မိသားစုဝင် ၃ ဦးနဲ့  နေအိမ်အလည်လာသူ ၃ ဦးတို့ကို  စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကညင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးစောနေမူးကို ဇန်နဝါရီ ၂၀ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးကို မတွေ့တဲ့အတွက် နေအိမ်ရှိ သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးကို စစ်တပ်နဲ့ ရဲက လာဖမ်းတာ။ သူတို့အပြောကတော့ လက်နက်တွေ ဝှက်ထားလို့ဆိုပြီး ပြောတယ်။ အိမ်ကိုလည်း ရှာတယ်။ အုပ်ချုပ်ရေးမှူးက အိမ်မှာ မရှိတာနဲ့ သုံးနှစ်သားကလေးရယ် သူ့မိန်းမရယ် အိမ်အလည်ရောက်နေတဲ့ အမျိုးသမီးသုံးဦးရယ်ကို ဖမ်းသွားတယ်။  အဲဒီညမှာပဲ အုပ်ချုပ်ရေးမှူးကို ရွာသစ်ကြီးကျေးရွာမှာ ဖမ်းမိသွားတယ် “လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကညင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး စောနေမူးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် သုံးနှစ်အရွယ် ကလေးငယ်နဲ့ အိမ်အလည်လာတဲ့  အမျိုးသမီးသုံးဦးကို ဇန်နဝါရီ ၂၁ ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ဇနီးဖြစ်သူ  ဒေါ်အိဖြူကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။DVB

လွှတ်တော်ကိုယ်စားလှယ်ကိုမျိုးကျော်နှင့်ကိုစိုင်းမောင်တို့ မြစ်ကြီးနားအကျဉ်းထောင်တွင် သက်ရှိ ထင်ရှားရှိနေ

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကိုမျိုးကျော်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် သပိတ်ခေါင်းဆောင်ကိုစိုင်းမောင်တို့ မြစ်ကြီးနားအကျဥ်းထောင်တွင် သက်ရှိထင်ရှားရှိနေကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မဇ္ဈိမက အတည်ပြုရရှိထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကိုမျိုးကျော်နှင့် လူငယ်သပိတ်ခေါင်းဆောင်ကိုစိုင်းမောင်တို့ စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် ကျဆုံးသွားပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က သတင်း များထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

စစ်ကြောရေးတွင် ညှဥ်းပမ်းနှိပ်စက်ခံရပြီး သတိလစ်မေ့မျောသွားသည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေဆုံးပြီအထင်ဖြင့်ပစ်ထားခဲ့ရာ ကိုမျိုးကျော်နှင့် ကိုစိုင်းမောင်တို့၏ ညည်းညူသံကြောင့် “စစ်မေးစရာ ကျန်သေးတယ် မသေခိုင်းနဲ့ဦး” ဟုဆိုကာ တပ်တွင်း၌ဆေးကုသပေးနေခဲ့ပြီးနောက် မြစ်ကြီးနားအကျဥ်း ထောင်သို့ပြောင်းရွှေ့စစ်ဆေးနေခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားအကျဥ်းထောင်မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ဆိုသည်။

“ကိုမျိုးကျော်ကိုတော့ ထောင်တွင်းတရားရုံးကနေပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ထောင်ဒဏ်ခုနစ်နှစ် ချလိုက်ပြီ။ ကိုစိုင်းမောင်ကိုတော့ ပုဒ်မနှစ်ခုလောက်နဲ့ ခုထိ ရုံးချိန်းထုတ်တာမျိုးပဲလုပ်သေးတယ်”ဟု အကျဥ်းထောင်အရာရှိတစ်ဦးက ပြောသည်။

စစ်ကောင်စီက ကိုမျိုးကျော်နှင့် ကိုစိုင်းမောင်တို့ကို ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နှင့် ၅၀ (ည) အစရှိသည့် ပုဒ်မအ သီးသီးတို့ဖြင့် တရားစွဲဆိုထားကြောင်း ယင်း အကျဥ်း‌ထောင်ဝန်ထမ်းက မဇ္ဈိမကိုပြောသည်။

မိုးညင်းမြို့အဝင် နန်းပုတ်ကျေးရွာအနီးရှိ ခလရ(၁၅)တပ်ရင်း၏ စစ်ကြောရေးစခန်း၌ လွှတ်တော်ကိုယ် စားလှယ်ကိုမျိုးကျော်နှင့် လူငယ်သ ပိတ်ခေါင်းဆောင်ကိုစိုင်းမောင်တို့ ညှဥ်းပန်းနှိပ်စက်ခံရပြီး ကျဆုံးသွား ပြီဖြစ်ကြောင်းသတင်းထွက်ပေါ်ခဲ့ပြီးနောက် မိသားစုဝင်များနှင့် အ ဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကိုမျိုးကျော်နှင့် ကိုစိုင်းမောင်တို့သည် မြစ်ကြီးနားအကျဥ်းထောင်၌ သက်ရှိထင်ရှားရှိနေပြီး ထောင်ဝင်စာတွေ့ခွင့် သုံးကြိမ်အ ထက် တွေ့ဆုံခွင့်ရကာ အဆက်အသွယ်ပြန်လည်ပြုလုပ်နိုင်ပြီဖြစ် ကြောင်း မိသားစုနှင့် နီးစပ်သူများက အတည်ပြုပြောကြားသည်။

ကိုမျိုးကျော်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူသေဆုံးသွားပြီးနောက် နာမကျန်းဖြစ်နေ သော အမေအိုကိုပြုစုလုပ်ကျွေးနေသူ တစ်ဦးဖြစ်ပြီး၊ ကိုစိုင်းမောင်တွင်လည်း သွေးသွင်းနေရသည့် နာမကျန်းကလေးငယ် တစ်ဦးရှိသည်ဟု သိရသည်။

ကိုမျိုးကျော်နှင့်အတူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သပိတ်ခေါင်းဆောင် ကိုစိုင်းမောင်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့ ၂၁ မိုင် စုပေါင်းဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံရပြီးတစ်လအကြာတွင် စစ်ကြောရေးစခန်း၌ ၎င်းတို့နှစ်ဦးစလုံး ကျဆုံးသွားပြီဖြစ် ကြောင်း သတင်းနှင့်အတူ မိသားစုဝင်များနှင့်ပါ အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။mizzima

ပေါက်မြို့နယ် သီးခြောက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကံမမြို့နယ်ရှိ ရဲစခန်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သီးခြောက်ရွာကို ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၂ ရက်မှာ ပေါက်တောင်ပိုင်းကို ရွာစဥ်လှည့်ကာ စစ်ကြောင်းထိုးပြီး ကျောက္ကာရွာနဲ့ သီးခြောက်ရွာကြားမှာ ညအိပ်စခန်းချကာ ဒီမနက် ၇ နာရီလောက်မှာ သီးခြောက်ရွာက ကျန်ရှိနေတဲ့ နေအိမ်တွေကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တာလို့ သီးခြောက်ကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

“ရွာက အိမ်ခြေ ၂၅၅ အိမ်ရှိပြီး ၂၀၂၂ နှစ် အောက်တိုဘာ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ် ပြာကျခဲ့ပြီး ရွာနားက မြောင်းအနောက်ဘက်မှာ ကျန်နေတဲ့ နေအိမ် ၆ လုံးလောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတာ။”

စစ်ကြောင်း ပထမအကြိမ် မီးရှို့ကတည်းက ရွာသားတွေ ဘေးလွတ်ရာ တောတောင်တွေနဲ့ နီးစပ်ရာ မြို့ရွာတွေမှာ ထွက်ပြေးခိုလှုံနေရပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၃,၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

မကွေးတိုင်း၊ ကံမမြို့နယ်မှာတော့ ရေနံသာနယ်မြေရဲစခန်းကို ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ပြီး ရဲ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း-၄ Eagle Force ကနေ သိရပါတယ်။

ရေနံသာနယ်မြေရဲစခန်းကို မနေ့ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ ဒရုန်းနဲ့ ဗုံးသီးဖြုတ်ချ တိုက်ခိုက်ခဲ့တာလို့ Eagle Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ရဲစခန်းဝင်းထဲမှာ ခြင်းခတ်နေတဲ့ ရဲတွေကို ချဖို့လုပ်တာမှာ ရဲ ၂ ယောက်က ဒရုန်းကိုမြင်ပြီး ပြေးတာကြောင့် ပြေးတဲ့နေရာကို လိုက်ပြီး ချခဲ့တာလို့ ဆိုပါတယ်။

ကိုမြတ်က “ဒီတိုက်ခိုက်မှုဟာ ပထမဦးဆုံး ဒရုန်းမစ်ရှင်ဖြစ်ပြီး သေဆုံးတဲ့သူ မရှိဘူးလို့ ကြားတယ်။ မနေ့တုန်းကတော့ ရဲစခန်းနဲ့ကပ်လျက် တိုက်နယ်ဆေးရုံကို ဒဏ်ရာရသွားတဲ့ ရဲတယောက်ကို တွဲခေါ်သွားတာ တွေ့ရတယ်လို့ ပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ သိရတယ်” လို့ ပြောပါတယ်။

ကံမမြို့မှာ ဇန်နဝါရီ ၁၅ ရက် ညပိုင်းကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူ ရှိနိုင်တယ်လို့ သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပ.က.ဖ ကနေ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။DVB

စစ်ကိုင်းမြို့နယ် သုံးလင့်ကျေးရွားအား မီးရှို့ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာမအုပ်စု၊ သုံးလင့်ကျေးရွာအား မီးရှို့ပြီးပြန်လာသော စစ်ကောင်စီတပ်ဖွဲ့အား ဇန်နဝါရီလ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း People Revolution Force Kyaukse (PRFK) အဖွဲ့ထံက သိရသည်။

အင်အား ၄၀ ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် ၉ နာရီဝန်းကျင်တွင် သုံးလင့်ကျေးရွာသို့ ဝင်ရောက်ကာ လူနေအိမ်သုံးလုံးအား မီးရှို့ခဲ့ကြောင်း PRFK အဖွဲ့တာဝန်ခံ ဗိုလ်ဒေါနကပြောသည်။

ထိုသို့ သုံးလင့်ကျေးရွာမှ မီးရှို့ပြီးပြန်လာသော စစ်ကောင်စီတပ်အား People Revolution Force Kyaukse၊ အမရစစ်သည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် DBDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ၈၀ မမဖြင့် ငါးချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပစ်ခတ်တိုက်ခိုက်နေသည့် အချိန်တွင် စစ်ကောင်စီတပ်သားများမှာ သုံးလင့်၊ ရွာမနှင့် လယ်ကြီး ရွာသုံးရွာ ကြားရှိ ဘုရားရင်ဟုခေါ်သော တောကျောင်းအတွင်းသို့ပြေးဝင်ခိုလှုံသွားသဖြင့် ထိခိုက်ကျဆုံးမှုကို အတိ အကျမသိရသေးကြောင်း People Revolution Force Kyaukse (PRFK) အဖွဲ့က သတင်းထုတ်ပြန်ထား သည်။

“သူတို့ တောကျောင်းထဲကိုပြေးဝင်သွားလို့ အထိအခိုက်ကျဆုံး အတိအကျမသိရသေးပေမယ့် နှစ်ယောက် လောက်တော့ သေတာသေချာတယ်”ဟု PRFK အဖွဲ့တာဝန်ခံ ဗိုလ်ဒေါနက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်က စစ်ကိုင်းမြို့နယ်ရှိ မြင်ဆည်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၁၀၀ ခန့် မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ထိုသို့ မြင်ဆည်ကျေးရွာအား မီးရှို့ပြီးပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံတပ်ရင်းများ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ Local PDF များက လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အထိနာသွားသော စစ်ကောင်စီတပ်များက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွာမကျေးရွာအုပ်စု၊ သုံးလင့်ကျေးရွာအား မီးဝင်ရှို့ သော ကြောင့်အိမ်ခြေ ၂၀ ခန့် မီးလောင်ခဲ့ကြောင်းလည်း သိရသည်။ mizzima

ထီးလင်းတွင် တရားမဝင်သယ်လာသည့် သစ် တောထွက်ပစ္စည်းများကို YRA ပူးပေါင်းအဖွဲ့ ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါ်ခရိုင်၊ ထီးလင်းမြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက်က ဂန့်ဂေါမြို့ဘက်ကနေ မောင်းနှင်လာတဲ့ ကုန်တင်ကားတစီးကို တားဆီးစစ်ဆေးရာ သစ်တောထွက်ပစ္စည်း (ရှားစေး) ပိဿာချိန် ၆,၀၀၀ ကျော် တင်ဆောင်လာတာကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ YRA အဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ပြည်သူတဦးရဲ့ သတင်းပေးပို့ချက်အရ ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊ ၁၇-YRA ထီးလင်းနဲ့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၉ – PDF (KYAW) ပူးပေါင်းအဖွဲ့က ထီးလင်းမြို့နယ် လမ်းပိုင်းတနေရာကို သွားရောက်စစ်ဆေးခဲ့ရာမှာ ဖမ်းဆီးရမိတာဖြစ်ပါတယ်။

YRA မှ သခင်ဇော်က “ဂန့်ဂေါမြို့ဘက်က‌‌နေ အမျိုးသား ၃ ယောက် လိုက်ပါမောင်းနှင်လာတဲ့ ၁၂ ဘီးကုန်ကား တစီးမှာ သစ်မဟုတ်တဲ့ သစ် တော ထွက်ပစ္စည်း (ရှားစေး) ပိဿာချိန် ၆,၀၀၀ ကျော် တင်ဆောင်လာတာကို တွေ့ရတယ်။ သက်ဆိုင်ရာ မြို့နယ်ပအဖရဲ့ အခွန်စည်းကြပ်မှုတွေ ကင်းလွတ်နေပြီး စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေကို အလျဥ်းသင့်သလို ငွေကြေးပေးဆောင် ဖြတ်သန်းလာတာ ဖြစ်ကြောင်း သိရလို့ ကျနော်တို့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကို လွှဲပြောင်းပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

တရားမဝင် သစ်တောထွက်ပစ္စည်း သယ်ဆောင်လာတဲ့ ၁၂ ဘီး ကုန်တင်ယာဉ်ပေါ်မှာ ချောက်မြို့နယ်က ပစ္စည်းပိုင်ရှင် အသက် ၅၃ နှစ်အရွယ်ခန့်ရှိ အမျိုးသား ၁ ဦး၊ ပခုက္ကူမြို့က အသက် ၄၂ အရွယ် ယာဉ်ပိုင်ရှင်နဲ့ မြိုင်မြို့နယ်က ယာဉ်နောက်လိုက် ၁ ဦးကို NUG လမ်းညွှန်ချက်နဲ့အညီ အမှုဖွင့် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊ ၁၇-YRA ထီးလင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ DVB

နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးကို အရှိန်မြှင့်သွားမယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ ပြော

ရန်ကုန်နဲ့မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ‌စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ နန်းထိုက်အောင် စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်အတွင်းမှာ ဒီထက်အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ အထူး စစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တာဝန်ခံ တပ်ဖွဲ့မှူးအောင်စံရှားက မဇ္ဈိမကို ပြောပါတယ်။

NUG အစိုးရရဲ့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးကဦးဆောင်ပြီး ပျံလွှားအောင်စစ်ဆင်ရေးကို တော်လှန် ရေးမျှားဦးအဖြစ် အရင်ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ နန်းထိုက်အောင် စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်ခဲ့တာပါ။

အဲဒီမြို့ပြစစ်ဆင်ရေးတွေကို အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) အပါအဝင် မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး ဘယ်လောက်အတိုင်းအတာထိ အောင်မြင် ခဲ့ပါသလဲ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ S.O.F တပ်ဖွဲ့ရဲ့နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တာဝန်ခံ တပ်ဖွဲ့မှူးအောင်စံရှားကို မဇ္ဈိမသတင်းထောက် နောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ mizzima

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ စစ်ကိုင်းမြို့နယ်မှ ဒေသခံ ၈,၇၀၀ ကျော် ထွက် ပြေးနေရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ ရွာမှ ဒေသခံ ၈,၇၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့နယ်ပအဖထံမှ သိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ကာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးချီတက်လာ၍ စစ်ကိုင်းမြို့နယ်အတွင်းရှိ မင်းကွန်းတိုက်နယ်မှ ထုံးဘို ၊ အုန်းသဇင် ၊ ရွာစဉ်တန်းရွာတို့မှ ဒေသခံများထွက်ပြေးနေရခြင်း ဖြစ်သည်။

ထို့ပြင် ရွာသစ်ကြီးတိုက်နယ်မှ ကိုင်းပြင်၊ သုံးလင့်၊ ခုနစ်ရွာတန်း၊ ကင်းတော်၊ လယ်ပယ်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာစသည့် ကျေးရွာများမှ ပြည်သူများလည်း စစ်တပ်ရန်လွတ်ရာသို့ တိမ်းရှောင်နေရသည်။

“ စစ်ကြောင်းက နှစ်ခုပါ။ မင်းကွန်းတိုက်နယ်ဘက်မှာ တစ်ကြောင်းနဲ့ ရွာသစ်ကြီးတိုက်နယ်ဘက်က တစ် ကြောင်းပါ” ဟု ဟု စစ်ကိုင်းမြို့နယ် ပအဖ တာဝန်ရှိသူက ပြောသည်။

စစ်ကြောင်းထိုးမှုကြောင့် စစ်ကိုင်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စု ၁,၀၅၀ ကျော်မှ လူဦးရေ ၈,၇၅၀ ကျော်ခန့် တိမ်းရှောင်နေရသည်။

“ရွာသစ်ကြီးတောင်ဘက်ခြမ်း သုံးလင့်ရွာက နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ စစ်ကြောင်း ကတော့ ရွာတွေထဲဝင်ပြီး ပြန်မထွက်သေးဘူး။ ရွာသူ၊ ရွာသားတွေက ညောင်ပင်ဝန်းဘက် ထွက်ပြေးနေရ တယ်” ၎င်းက ဆိုသည်။

ကျေးရွာများအတွင်း စစ်ကြောင်းရှိနေသည့်အတွက် ဒေသခံများရွာအတွင်း ပြန်မဝင်နိုင်သေး၍ ပျက်စီး ဆုံးရှုံးများကို မသိရသေးဟု ပအဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်ကိုင်းမြို့နယ် အတွင်းမှ ကျေးရွာများဖြစ်ကြသည့် သုံးလင့်ရွာနှင့် မြင်းဆည်ရွာတို့မှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသေးသည်။mizzima

တပ်ရင်းနာမည်အသုံးပြုပြီး ကိုယ်ကျိုးအ တွက် အလှူခံမှုများရှိနေဟု KNDF ပြော

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုအခြေစိုက်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း-၉ နာမည်ကို အသုံးပြုပြီး အ လှူခံတာ၊ ပစ္စည်းတွေတောင်းခံတာ၊ အလှူငွေတွေကိုလည်း ကိုယ်ကျိုးအတွက် အသုံးပြုနေတာတွေ ရှိနေတယ်လို့ တပ်ရင်း-၉ တာဝန်ရှိသူက ပြော ပါတယ်။

တပ်ရင်း-၉ အနေနဲ့ Project နဲ့ Challenge တွေ ပြုလုပ်ရာမှာ အလှူငွေ အနည်းငယ်သာရရှိပြီး တပ်ရင်းအတွက် များစွာထိခိုက်နေတယ်လို့ ဆိုပါတယ်။

KNDF တပ်ရင်း-၉ မှ တာဝန်ရှိသူက “ကျနော်တို့က အမြဲတမ်း အလှူမခံပါဘူး။ တခါတလေ Project နဲ့ Challenge တွေလုပ်ရင် အလှူငွေကျသွားတယ်။ တော်တော်များများက တပ်ရင်း နာမည်သုံးပြီး အလှူခံနေတာ။ ပြီးရင် အလှူငွေက တပ်ရင်းကိုပြန်မရောက်ဘဲ ကိုယ်ကျိုးအတွက် အသုံးပြုနေတာတွေ ရှိနေတယ်။ နောက်တန်းမှာ ရိက္ခာပိုင်းနဲ့ လက်နက်ခဲယမ်းပိုင်း အရမ်းအခက်အခဲ ဖြစ်သွားတယ်” လို့ ဒီဗွီကို ပြောပါတယ်။

တပ်ရင်း-၉ နာမည်သုံးပြီး အလှူလာခံတာ၊ ပစ္စည်းတောင်းခံတာတွေ ပြုလုပ်လာရင် အလှူရှင်တွေအနေနဲ့ KNDF တပ်ရင်း-၉ ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို လာရောက်အကြောင်းကြားပေးစေချင်ပါတယ်လို့ မေတ္တာရပ်ခံထားပါတယ်။DVB

« Older Entries