စစ်ကိုင်းမြို့နယ် သုံးလင့်ကျေးရွားအား မီးရှို့ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာမအုပ်စု၊ သုံးလင့်ကျေးရွာအား မီးရှို့ပြီးပြန်လာသော စစ်ကောင်စီတပ်ဖွဲ့အား ဇန်နဝါရီလ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း People Revolution Force Kyaukse (PRFK) အဖွဲ့ထံက သိရသည်။
အင်အား ၄၀ ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် ၉ နာရီဝန်းကျင်တွင် သုံးလင့်ကျေးရွာသို့ ဝင်ရောက်ကာ လူနေအိမ်သုံးလုံးအား မီးရှို့ခဲ့ကြောင်း PRFK အဖွဲ့တာဝန်ခံ ဗိုလ်ဒေါနကပြောသည်။
ထိုသို့ သုံးလင့်ကျေးရွာမှ မီးရှို့ပြီးပြန်လာသော စစ်ကောင်စီတပ်အား People Revolution Force Kyaukse၊ အမရစစ်သည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် DBDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ၈၀ မမဖြင့် ငါးချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ပစ်ခတ်တိုက်ခိုက်နေသည့် အချိန်တွင် စစ်ကောင်စီတပ်သားများမှာ သုံးလင့်၊ ရွာမနှင့် လယ်ကြီး ရွာသုံးရွာ ကြားရှိ ဘုရားရင်ဟုခေါ်သော တောကျောင်းအတွင်းသို့ပြေးဝင်ခိုလှုံသွားသဖြင့် ထိခိုက်ကျဆုံးမှုကို အတိ အကျမသိရသေးကြောင်း People Revolution Force Kyaukse (PRFK) အဖွဲ့က သတင်းထုတ်ပြန်ထား သည်။
“သူတို့ တောကျောင်းထဲကိုပြေးဝင်သွားလို့ အထိအခိုက်ကျဆုံး အတိအကျမသိရသေးပေမယ့် နှစ်ယောက် လောက်တော့ သေတာသေချာတယ်”ဟု PRFK အဖွဲ့တာဝန်ခံ ဗိုလ်ဒေါနက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်က စစ်ကိုင်းမြို့နယ်ရှိ မြင်ဆည်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ အိမ်ခြေ ၁၀၀ ခန့် မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
ထိုသို့ မြင်ဆည်ကျေးရွာအား မီးရှို့ပြီးပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံတပ်ရင်းများ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ Local PDF များက လက်နက်ကြီးဖြင့်ပစ်ခတ်ရာ အထိနာသွားသော စစ်ကောင်စီတပ်များက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွာမကျေးရွာအုပ်စု၊ သုံးလင့်ကျေးရွာအား မီးဝင်ရှို့ သော ကြောင့်အိမ်ခြေ ၂၀ ခန့် မီးလောင်ခဲ့ကြောင်းလည်း သိရသည်။ mizzima