တဲကြီးတောကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်း တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး ဟုဆို
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဲကြီးတောကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့စခန်း(ပျူစခန်း)ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်အစောပိုင်းက ပူပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးဆိုသူ ငါးဦးသေဆုံးသွားကြောင်း Dynamite Empire အဖွဲ့တာဝန်ခံ ကိုဂျပန်ကြီးက ပြောသည်။
“လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အလစ်တိုက်တယ်။ ရွာပတ်လည်က ကင်းဘန်ကာတွေ သိမ်းပိုက်နိုင် ခဲ့တယ် သူတို့ဘက်က ပျူငါးယောက်သေတယ်” ဟု ၎င်းက ပြောသည်။
ကင်းဘန်ကာများကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ စစ်ကူများရောက်ရှိလာ၍ ရွာကိုသိမ်းပိုက်နိုင်ခြင်းမရှိဘဲ ကင်းစခန်းများကိုသာမီးရှို့ဖျက်ဆီးခဲ့ကြောင်း ကိုဂျပန်ကြီးက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ပြန်လည် ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘက်မှ ရဲဘော်သုံးဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျနော်တို့ဘက်က တော်လှန်ရေးရဲဘော် သုံးယောက်ထိတယ်။ ဒါပေမယ့် မစိုးရိမ်ရပါဘူး။ ပေါင်ရယ်၊ လက်မောင်းရယ် ၊ ဝမ်းဗိုက်ရှပ်ထိ ဒဏ်ရာတွေ ရခဲ့ကြတယ် “ ဟု ကိုဂျပန်ကြီးက ပြောသည်။
တဲကြီးတောကျေးရွာတွင် အရပ်သားပြည်သူများနေထိုင်ခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်ဆိုသူများက အင်အား ၄၀ ခန့်ဖြင့် တပ်စွဲနေထိုင်ပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေကြောင်း ကိုဂျပန်ကြီးက ဆိုသည်။
“သူတို့တွေက ပတ်ပတ်လည်ရွာတွေကို လက်နက်ကြီးနဲ့ပစ်တာတို့ ရွာသူရွာသားတွေ စပါးရိတ်နေတဲ့ အချိန် လက်နက်ငယ်နဲ့ ပစ်တာမျိုးတွေ ခဏခဏ လုပ်တယ်” ဟု ၎င်းကပြောသည်.
ယင်းအပြင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များသည် အနီးအနားရှိ ကျေးရွာများ သို့ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပြည်သူများ၏ပစ္စည်းများအားလုယက်ခြင်း၊ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။
ယခုတိုက်ပွဲကို Dynamite Empire အဖွဲ့၊ မိုးကြိုးမုန်တိုင်းအဖွဲ့ ၊ Fighter One အဖွဲ့၊ MPF U-18 အဖွဲ့နှင့် အခြားဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။mizzima