ပဲခူးတိုင်းစစ်ကောင်စီက One Stop Service ဖြင့် ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ပေး

ပဲခူးတိုင်းအတွင်းရှိ ခရိုင် က.ည.န ရုံးများတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို ယနေ့ ဇန်နဝါရီ ၂၃ ရက် မှစတင်ကာ One Stop Service ဖြင့် လိုင်စင်ပြုလုပ်ပေးနေကြောင်း နီးစပ်သူများထံမှသိရသည်။
ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တို့ရုံးတို့တွင် ဇန်နဝါရီ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ တစ်လအတွင်း လိုင်စင်ပြုလုပ်ပေးနေခြင်းဟု ဆိုသည်။
“ဒါက ကိုဗစ်စဖြစ်တဲ့နောက်ပိုင်းကစပြီး ပဲခူးတိုင်းအတွင်းမှာ ပထမဆုံး One Stop Service နဲ့ ပြန်လုပ် ပေးတာလို့ထင်ပါတယ်။ One Stop Service ဆိုတဲ့သဘောကတော့ လိုင်စင်မဲ့ ဆိုင်ကယ်တွေ အကုန်ပေါ့” ဟု ပြည်ခရိုင် က.ည.န ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လိုင်စင်ပြုလုပ်ရာတွင် ဆိုင်ကယ်အမျိုးအစားပေါ်မူတည်ပြီး အခွန်ဆောင်ရမည်ဖြစ်၍ ကုန်ကျစရိတ် လည်း ကွဲပြားသည်ဟု ဆိုသည်။
ပြည်ခရိုင် က.ည.န ရုံး၌ ယနေ့ နံနက်အစောပိုင်းမှစတင်ကာ လိုင်စင်ပြုလုပ်ရန် တန်းစီနေသူများနေပြီး ပဲခူးခရိုင် က.ည.နရုံးတွင်လည်း ည ၁၂ နာရီခန့်မှစတင်ကာ တန်းစီနေသူများရှိနေသည်ဟု မြို့ခံများထံမှ သိရသည်။
ပဲခူးတိုင်းအတွင်း ပြည်မြို့နယ်အပါအဝင် မြို့နယ်တော်တော်များများ၌ နေ့စဉ်ဆိုသကဲ့သို့ ဆိုင်ကယ် အဖမ်းအဆီးများရှိနေ၍ ယခုကဲ့သို့ လိုင် စင်လုပ်ရန်တန်းစီမှုများရှိနေခြင်းဟု ဒေသခံတစ်ဦးက သုံးသပ် သည်။
“ဟိုရက်က အသိ အမတစ်ယောက် ဆိုင်ကယ်အဖမ်းခံရတာ ဆိုင်ကယ်သိမ်းသွားတယ်။ ဖမ်းတာ မော်တော်ပီကယ်တော့မပါဘူး၊ ရဲတွေချည်းပဲ။ တခြားအဖမ်းခံရတဲ့ တစ်ယောက်ဆို ဆိုင်ကယ်အသိမ်းခံ ရတဲ့အပြင် ပိုက်ဆံပါထပ်ပေးလိုက်ရသေးတယ် မပေးရင်ထောင်ချမယ် ပြောနေလို့တဲ့၊ ဒီဇင်ဘာ ဒုတိယ ပတ်လောက်ကစပြီး ဆက်တိုက်ပဲဖမ်းနေတာ နေရာအတည်တကျလည်း မဟုတ်ဘူး ” ဟု ပြည်ခရိုင် အတွင်းနေထိုင်သူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီ၏ ငွေဝင်လမ်းကြောင်းတစ်ခုဖြစ်သည့် က.ည.န ရုံးများ၌ လိုင်စင်ပြုလုပ် ကြသူများကို PDF များဘက်မှ သ တိပေးမှုများ ပြုလုပ်ထား ကြသည်။
အလားတူ ပဲခူးမြို့ (၆) ရပ်ကွက်ရှိ ပဲခူး က.ည.န ရုံးကို ပဲခူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၁ ခုနှစ် မေလနှင့် ၂၀၂၂ ခုနှစ် မတ်လတို့အ တွင်း သတိပေးဖောက်ခွဲမှု များပြုလုပ်ခဲ့ကြသေးသည်။ mizzima