ယခုဘဏ္ဍာနှစ် ၉ လကျော်အတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၁၄ သန်းကျော်ရှိနေ

မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်ကဏ္ဍတွင် ယခုဘဏ္ဍာနှစ် ကိုးလကျော်အတွင်း ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၄၁၄ သန်းကျော် ရှိနေကြောင်း သိရသည်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ် ကိုးလကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်ရေး လိုငွေ ကန်ဒေါ်လာ ၄၁၄ သန်းကျော် ဖြစ်ပေါ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
“အဓိကက ပို့ကုန်တင်ပို့မှုထက် ပြည်ပကနေသွင်းကုန်တင်သွင်းမှုက ပိုများနေတဲ့အတွက်ကြောင့် ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေတာပါ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇန်နဝါရီ လ ၁၃ ရက်အထိ စုစုပေါင်းပို့ကုန်တင်ပို့မှု ပမာဏ ဒေါ်လာ ၁၃၀၆၀ ဒသမ ၈၀၇ သန်းရှိပြီး၊ သွင်းကုန်တင်သွင်းမှု ပမာဏ ဒေါ်လာ ၁၃၄၇၅ ဒသမ ၅၇၉ သန်း အထိရှိကာ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၆၅၃၆ ဒသမ ၃၈၆ သန်း ရရှိထား ကြောင်းသိရသည်။
အဆိုပါကာလအတွင်း ပြည်ပကုန်သွယ်မှု၌ ပို့ကုန်တင်ပို့မှုပမာဏသည် သွင်းကုန်တင်သွင်းမှုထက် ဒေါ်လာ ၄၁၄ ဒသမ ၇၇၂ သန်း လျော့ကျခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၄၁၄ သန်းကျော် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများ တွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့မှု ပိုများခဲ့သည့်အတွက် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂၅၂ သန်းကျော် ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်လာသည်နှင့်အမျှ ပြည်ပမှ တင်သွင်းလာသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ စျေးနှုန်းကြီးမြင့်လာနိုင်ပြီး နိုင်ငံတကာစျေးကွက်ထဲတွင် မိမိတို့၏ ပို့ကုန်စျေးနှုန်းများ ကျဆင်းလာနိုင် ကြောင်း စီးပွားရေးပညာရှင်တစ်ဦးကသုံးသပ်သည်။
ထို့ပြင် ပြည်တွင်းငွေကြေးတန်ဖိုး ကျဆင်းနိုင်ပြီး၊ ပြည်ပမှ ကုန်ကြမ်းများအား မှီခိုထုတ်လုပ်နေသည့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများလည်း ဈေးနှုန်းမြင့်တက်ခြင်းနှင့် ကြုံတွေ့နိုင်ကြောင်း ဆိုသည်။
ယခင်အစိုးရလက်ထက်တွင် ကုန်သွယ်မှုလိုငွေပြခဲ့သော်လည်း မိမိလက်ထက်တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ ကာလအတွင်း ကုန်သွယ်မှုပိုငွေ ၃၅ ဒသမ ၅၁ သန်းရှိခဲ့ကြောင်း စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က အစည်းအဝေးတစ်ခုတွင် ကြွား ဝါခဲ့ဖူးသည်။
သို့သော် မြန်မာနိုင်ငံသည် ဆန်၊ ဆန်ကွဲ၊ ပဲ၊ ရေထွက်ကုန်နှင့် အထည်ချုပ်အပြင် အချို့သော ပစ္စည်းများ ကိုသာ ပြည်ပသို့တင်ပို့နိုင်ပြီး စားသုံးဆီ၊ စက်သုံးဆီ၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်သည့်ပစ္စည်းများ၊ ဆေးဝါးအပြင် အပ်မှစ၍ ပြည်ပနိုင်ငံများမှနေ၍ ဒေါ်လာဖြင့်ပေးချေပြီး တင်သွင်းနေရသည့် နိုင်ငံဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဘက်နိုင်ငံများမှာ တရုတ်နှင့် ထိုင်းတို့ဖြစ်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှားနိုင်ငံတို့နှင့်လည်း ပို့ကုန်၊ သွင်းကုန် တင်သွင်းမှုအချို့ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။mizzima