Monthly Archives: Jan 2023

မိုးကုတ် ကျပ်ပြင်ရဲစခန်းအနီး ဗုံးပေါက်ကွဲ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရဲစခန်းအနီးမှာ ဇန်နဝါရီ ၂၃ ရက် ည ၇ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အရင်ရှေ့တရက်ကလည်း ကျပ်ပြင်က ဒေါ်နန်းကြည်တောင်နားမှာ ဗုံးတလုံးကွဲသေးတယ်။ မနေ့ညက ရဲစခန်းနားမှာကွဲတာ၊ လူထိခိုက်မှုတော့ မရှိဘူး။ အစတွေတော့ ခေါင်မိုးတွေမှာ လာမှန်တယ်” လို့ ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။

ကျပ်ပြင်ရဲစခန်းအနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် သေနတ်ပစ်သံ ငါးချက်ခန့်ကြားခဲ့ရပြီး ရပ်ကွက်တွေအတွင်း စစ်ကောင်စီတပ်က လှည့်လည်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း မိုင်းဟုမ်းကျေးရွာအနီးမှာ စစ်တပ်က ဇန်နဝါရီ ၂၀ ရက်က လေယာဥ်အသုံးပြု ပစ်ခတ်ခဲ့တာကြောင့် NUG PDF တပ် ရင်း-၁၂၂၂ က စစ်ကြောင်းမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်​ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့အနီးတဝိုက်မှာ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် မြို့တွင်းမှာ အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ် ပွားခဲ့ပေမဲ့ ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာကိုတော့ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

ရန်ကုန်တွင် လူဦးရေစာရင်းကောက်ရင်း နိုင် ငံရေးလှုပ်ရှားသူများနှင့် UG များကို ဖမ်းဆီးရန် လုပ်ဆောင်လာ

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ လူဦးရေစာရင်းကောက်ယူရင်း စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ UG တွေကို ဖမ်းဆီးရရေးအတွက် လုပ်ဆောင်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စမ်းချောင်းမြို့နယ်ရှိ ရပ်ကွက်တွေမှာတော့ လူဦးရေစာရင်းကောက်ယူရင်း ကိုယ်ရေးအချက်အလက် တောင်းခံတာတွေ စစ်ကောင်စီက ပြုလုပ်လာတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“လူဦးရေစာရင်းကောက်တာ နားလည်တယ်။ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ရှိလို့ အဲ့ဒီအတိုင်း ဖြေရင် ရပြီလေ။ အလုပ်ကိစ္စတွေ မေးတယ်၊ ဘယ်မှာလုပ်တာလဲ၊ ဝန်ထမ်းလား၊ CDM လား ဆိုတာ စစ်တဲ့သဘောပဲ။”

ကိုယ်ရေးအချက်လက်တွေ တောင်းခံတဲ့ မြို့နယ်တွေရှိသလို မြောက်ဥက္ကလာပမြို့နယ် ရွေပေါက်ကံမြို့သစ်မှာတော့ ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို ဓာတ်ပုံရိုက်ခိုင်းတာလည်း ရှိတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရွှေပေါက်ကံမှာ ၁ ရပ်ကွက်ကနေ ၂၂ ရပ်ကွက်ထိ ရှိတယ်။ ဧည့်စာရင်းနဲ့နေတဲ့သူတွေ အကုန် မှတ်ပုံတင်မိတ္တူပေးရတယ်။ မိသားစုဓာတ်ပုံနှစ်ပုံ ရုံးကိုရိုက်ပေးရတယ်။”

တောင်ဥက္ကလာပမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းကာ အုပ်ချုပ်ရေးအဖွဲ့နဲ့ အိမ်အရောက် လိုက်လံကောက်ခံတာရှိတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တောင်ဥက္ကလာမှာကျတော့ ဓာတ်ပုံမရိုက်ရဘူး။ လဝက က သူတို့ရုံးကနေ သန်းခေါင်စာရင်း ယူလာတယ်။ အိမ်ကသန်းခေါင်စာရင်းနဲ့ တိုက်ကြည့်တယ်။ ဧည့်စာရင်းနဲ့နေတဲ့သူတွေ ကျတော့ သူတို့ရုံးကယူလာတဲ့ စာရွက်ထဲမှာ မေးပြီး ထပ်ဖြည့်တယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စမ်းချောင်း၊ အင်းစိန်နဲ့ လှိုင်မြို့နယ်က ရပ်ကွက်တချို့မှာလည်း လူဦးရေစာရင်းကောက်ယူရင်း စစ်ကောင်စီတပ်က အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

ရန်ကုန်၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံတဝန်း ဇန်နဝါရီ ၉ ရက်က စတင်ကာ လူဦးရေစာရင်း ကောက်ယူခဲ့ရာ ၁၄ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ DVB

ယင်းမာပင်တွင် ရွာ ၇ ရွာမီးရှို့ခံရပြီး စစ်ဘေးရှောင် ၃ ဦးသေဆုံး၊ ပေါက်မြို့နယ် စမ်းရေခုံရွာကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ကျောက်မှော်ကျေးရွာအုပ်စုရှိ ကျေးရွာ ၇ ရွာကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၂၃ ရက်မှာ  အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အလုံမြို့ စစ်ပင်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာပြီး ကျေးရွာ ၇ ရွာကို အခုလို မီးရှို့ခဲ့တာကြောင့်  ပြည်သူထောင်နဲ့ချီဟာ စစ်ဘေးရှောင်နေရကာ ချမ်းအေးတဲ့ ရာသီဥတုဒဏ်ကြောင့် စစ်ဘေးရှောင် ၃ ဦးလည်း သေဆုံး‌တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဒေသခံအမျိုးသမီးတဦးက “သူတို့ မီးစရှို့တာက အင်းပတ်ရွာကနေ နေ့ခင်း ၁၁ နာရီကနေ စရှို့တယ်ရှင့်။ ကိုယ်လွတ်ရုန်းပြေးခဲ့ရတာဆိုတော့ ဘာပစ္စည်းမှမယူနိုင်ဘဲ စစ်ဘေးရှောင်ရင်း အအေးပတ်ပြီး သေဆုံးရတာရှင့်။ အသက်အရွယ်က ၅၀ ကျော်တဦးရယ်၊ ၆၀ ကျော်တဦးရယ်၊ ၇၀ ကျော်တဦးပါရှင့်။ သေဆုံးသူအကုန်လုံးက အမျိုးသမီးတွေပါ” လို့ ပြောပါတယ်။

စစ်ကောင်စီက မီးရှို့တဲ့ ကျေးရွာတွေဟာ ကျောက်မှော်ရွာ၊ ပန်းတိမ်ပြင်ရွာ၊ အင်းပတ်ရွာ၊ ကြက်ရှာရွာ၊ ကျောက်ကုန်းရွာ၊ နော်ပင်ရွာ၊ ကျွန်းပေါ်ရွာကအိမ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက မီးရှို့လို့ ကျေးရွာ ၅ ရွာက အိမ်ခြေ ၇၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ကျန်ကျေးရွာ ၂ ရွာမှာတော့ စစ်ကောင်စီတပ် ရှိနေသေးတာကြောင့် မီးလောင်အိမ်စာရင်းဇယား အတည်မပြုနိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာလည်း စမ်းရေခုံကျေးရွာကို ဇန်နဝါရီ ၂၄ ရက် ဒီနေ့ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီစစ် ကြောင်းက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ ရွာစဥ်လှည့်ပြီး စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၅ ရွာက ဒေသခံပြည်သူ ၁,၅၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“မီးခိုးတွေ မီးတောက်တွေကိုတော့ အဝေးကပဲ လှမ်းမြင်နေရတယ်။ စစ်(…)တွေက ရွာထဲမှာပဲ ရှိနေသေးတော့ ဘယ်သူမှလည်း မီးဝင်မငြှိမ်းရဲသလို အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းတယ် ဆိုတာကိုလည်း မသိရသေးဘူး။ ကျနော်တို့ကျေးရွာဘက်မှာ အိမ်တအိမ်ဆောက်ဖို့ဆိုတာ မလွယ်ကူဘူး။ အိမ်တလုံးဆောက်နိုင်ဖို့ ရာသစ်တလုံး၊ ဝါးတလုံးရဖို့လည်း မလွယ်ကူဘူး။ လက်သမားခနဲ့ဆိုရင် အနည်းဆုံး သိန်း ၃၀ ကျပ်လောက် ကုန်ကျမှာ။ ဒါကို သူတို့က PDF ထဲလိုက်တယ်၊ PDF ကိုထောက်ခံတယ်ဆိုပြီး ငြိုးပြီးတော့ ဇွတ်ရှို့ကြတာ။”

ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံထားရတဲ့ ပေါက်မြို့နယ် သီးခြောက်ရွာမှာလည်း ကျန်ရှိနေတဲ့ နေအိမ် ၆ လုံးကို ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

သြဂုတ် ၅ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေက စမ်းရေခုံရွာ ​ဒေသခံပြည်သူတွေရဲ့ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၃,၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး မကွေးတိုင်းအတွင်းမှာ အများဆုံး မီးရှို့ခံရတဲ့ မြို့နယ်ဖြစ်ကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ DVB

မင်းတပ်မြို့နယ်ကို တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထား၊ စစ်ကောင်စီက အပြင်းအထန် လေကြောင်းမှဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို မင်းတပ် ပ.အ.ဖနဲ့ CDF-မင်းတပ်က ၉၅ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်သားတွေက မြို့ပေါ် ၄ ရပ်ကွက်မှာ နေထိုင်ကာ မြို့ပြင်ကို ထွက်မလာရဲဘူးလို့ မင်းတပ် ပ.အ.ဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုယောမာန်က ဒီဗွီဘီကို ပြောပါတယ်။

မြို့နယ်ထဲမှာ အုပ်ချုပ်ရေးယန္တရားတွေလည်း အရင်ကထက် ပိုမိုပီပြင်လာပြီး ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ရဲဌာန၊ တရားစီရင်ရေးဌာနနဲ့ အခွန်ကောက်ခံတဲ့စနစ်တွေ ကောင်းကောင်းလည်ပတ်နေပြီလို့ ကိုယောမာန်က ပြောပါတယ်။

စာသင်ကျောင်းပေါင်း ၁၈၀ ကျော်မှာ ဆရာ ဆရာမ ၁,၃၀၀ ကျော်လောက်နဲ့ ပညာသင်ကြားနေပြီး မြေပြင်မှာလည်း အခြေခံပညာပြီးမြောက်ကြောင်း စာမေးပွဲဖြေဆိုဖို့ လှုပ်ရှားနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အခွန်စနစ်နဲ့ ပတ်သက်လို့လည်း ထိန်းချုပ်နယ်မြေထဲမှာ တချို့ ခွင့်ပြုလို့ရတဲ့ လုပ်ငန်းတွေကို လိုင်စင်တွေ ထုတ်ပေးတာ၊ တင်ဒါတွေ ပေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“မင်းတပ်မြို့ပေါ်မှာလည်း စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းတွေ ကောက်ခံနေတယ်လို့ သိရတဲ့အ တွက် မင်းတပ် ပ.အ.ဖ က စာထုတ်ပြီး သတိပေးထားတယ်။ ကျနော်တို့ မြို့နယ်မှာတော့ ရွေးကောက်ပွဲ လုံးဝ ကျင်းပခွင့်ရမှာ မဟုတ်ဘူးလို့ ပ.အ.ဖနဲ့ CDF-မင်းတပ်က အာမခံတယ်” လို့ ကိုယောမာန်က ပြောပါတယ်။

မင်းတပ်မြို့နယ်ကို ဇန်နဝါရီ ၇ ရက်ကနေ ၂၃ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး မိဘပြည်သူတွေအနေနဲ့ သတ်မှတ်ချက်နဲ့ပြည့်မီတဲ့ ပုန်းခိုကျင်းတွေ တူးထားကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ်ထဲမှာ ဒီရက်ပိုင်း တိုက်ပွဲမရှိဘဲ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေ နေထိုင်ရာ ဘုန်းကြီးကျောင်းနဲ့ သိမ်တို့ ပျက်စီးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

မင်းတပ်မြို့နယ်၊ ပလိပ်ထွီရွာက လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းကို မနက် ၁၁ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် တိုက်နယ် ၂ ထဲက ရွာတွေကိုလည်း မင်းတပ်မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်တပ်က အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲခံရတဲ့ ရွာဘုန်းကြီးကျောင်းဟာ မြို့နယ်စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ စေတနာရှင် လုပ်အားပေးတွေ နေထိုင်တာဖြစ်လို့ ဒီတိုက်ခိုက်မှုဟာ ဘာသာရေးအဆောက်အဦကို တိုက်ခိုက်ရုံသာမဟုတ်ဘဲ အရပ်ဘက်စစ်ဘေးရှောင်တွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက် ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ်နဲ့ ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ် ၂ လုံး၊ ဘုန်းကြီးကျောင်း ၁ ခုနဲ့ သိမ် ၁ ခုတို့ ပျက်စီးခဲ့ပြီး လူတချို့လည်း ထိခိုက်ဒဏ် ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့ကပဲ ဝမ္မသူးရွာကိုလည်း မင်းတပ်မြို့ပေါ်ကနေ အမြောက်နဲ့ပစ်လို့ ဒဏ်ရာရသူ နည်းနည်းရှိပြီး နေအိမ်တွေ ဘယ်လောက်ပျက်စီးတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၂ ရက် ညပိုင်းမှာလည်း စွန်တောင်ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် နေအိမ်တွေပျက်စီးပြီး အမျိုးသားတယောက်နဲ့ အမျိုး သမီးတယောက် ဒဏ်ရာရခဲ့ပါသေးတယ်။ DVB

မန္တလေးမြို့မှ NLD ပါတီ၀င် ၃ ဦးကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ၀င်ရောက်ဖမ်းဆီး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်မှ NLD ပါတီ၀င်သုံးဦးကို စစ်ကောင်စီတပ်က အင်အားအများအပြားသုံးပြီး ၀င်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

“NLD ပါတီ၀င် ဦးကိုကြီးနဲ့ ညီဖြစ်သူ ကိုဇော်ကြီးတို့လင်မယားကိုလာဖမ်းတာ။ စစ်ကားအကြီးကနှစ်စီး၊ အိမ်စီးကားတွေက ခြောက်စီးထက် မနည်းဘူး၊ ရပ်ကွက်ထိပ်တိုင်းမှာ အရပ်၀တ်တွေကြိုကင်း ပုန်းချပြီးမှ ၀င်ဖမ်းတာ။ လက်နက်မဲ့လူသုံးယောက်ကို အဲဒီလိုလာဖမ်းသွားကြတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၁၀ နာရီခန့်က မင်းတဲအီကင်းရပ်ကွက် လမ်း ၉၀ ၊ ၂၁ လမ်းနှင့် လမ်း ၂၀ ကြား မှ ၎င်းပါတီ၀င်သုံးဦး၏နေအိမ်ရှိရာ ရပ်ကွက်တစ်ခုလုံးကို စစ်အင်အားအများအပြားဖြင့်ဝိုင်းထားပြီး ၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်များအပြောအရ သိရသည်။

၎င်းတို့အား မည်သည့်အတွက် ဖမ်းဆီးသွားသည်ဆိုခြင်းကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်း အထိ မသိရသေးပေ။

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လူဖမ်းပွဲပြန်လုပ်နေသည်ကိုတွေ့ရပြီး ဇန်နဝါရီလ ၂၂ ရက်မှ ၂၃ ရက်အထိ ၂၄ နာရီအ တွင်း NLD ပါတီ၀င်သုံးဦးအပါအ၀င် ဒေသခံရှစ်ဦး ဖမ်းဆီးခံထားရ ကြောင်းသိရသည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စစ်ကောင်စီ၏ဖမ်းဆီးချုပ်နှောင်ခြင်းခံ ထားရသူ ၁၃၆၄၂ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအဖွဲ့(AAPP)၏ ဇန်နဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ mizzima

ကန့်ဘလူတွင် တောင်သူ ၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး၊ ပျူသင်တန်းအတွက် အ စည်းအဝေးလုပ်နေစဉ် PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဖုတ်ကုန်းရွာ တောတိုက်ထဲမှာ ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက မြေပဲနုတ်နေတဲ့တောင်သူ အမျိုးသား ၃ ယောက်ကို ဇာဒီကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။

ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက “ဇာဒီရွာနဲ့ တမိုင်လောက်ဝေးတဲ့ ဖုတ်ကုန်းရွာက တောင်သူအ‌ယောက် ၂၀ လောက် ကျေးရွာ နှစ်ရွာကြား မြေပဲကုန်းမှာ မြေပဲနုတ်နေချိန် ရိုက်နှက်ဖမ်းဆီးရာကနေ ထွက်ပြေးခဲ့ကြပေမဲ့ အသက် ၃၅ နှစ်၊ ၃၇ နှစ်နဲ့ ၄၅ နှစ်အရွယ် အမျိုးသား ၃ ယောက်က ထွက်မပြေးနိုင်ဘဲ ဖမ်းဆီးခံရတာဖြစ်တယ်” လို့ ပြောပါတယ်။

အဲဒီနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဇာဒီကျေးရွာမှာ ပျူစောထီးသင်တန်းဖွင့်ဖို့ ဇီးကုန်းသကြားစက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အစည်းအဝေး လုပ်နေချိန် ကန့်ဘလူမဟာမိတ်ပူးပေါင်းအဖွဲ့ Kanbalu Underground Warriors၊ ကန့်ဘလူစွန်ရဲ၊ PLGF၊ မြေပြင်လှုပ်ရှားညီနောင်အဖွဲ့၊ ဒေသခံ – ပကဖနဲ့ ကန့်ဘလူမဟာမိတ်ပူးပေါင်းအဖွဲ့‌တွေက သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း PDF အဖွဲ့က ထုတ်ပြန်ပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက “ရှော့တိုက်ဒုံး ၁ လုံး၊ ၈၁ မမ ၉ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်။ စစ်တပ်က ပြန်ပြီး ခုခံပစ်ခတ်လို့ ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ စကစ စစ်သားနဲ့ ပျူစောထီးတွေ အထိအခိုက် ရှိနိုင်တယ်။ မြေပြင်မဟာမိတ်ပူးပေါင်းအဖွဲ့‌တွေ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ဇာဒီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာတွေကို လှည့်လည် စစ်ကြောင်းထိုးပြီး လက် နက်ပြ ခြိမ်းခြောက်ကာ ဒေသခံ ရွာသားတွေကို ပျူစောထီးသင်တန်းတက်ခိုင်းတာ၊ အခွန်လို့ဆိုပြီး အတင်းအဓမ္မ ငွေကြေး ကောက်ခံတာ၊ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေနဲ့ ဆန်၊ စပါး၊ လယ်ယာလုပ်ငန်းသုံး ကျွဲ/နွားတွေကိုပါ ခိုးယူရောင်းစားပြီး ဒေသခံပြည်သူလူထုကို မတရားဖမ်းဆီးနှိပ်စက်ကာ ငွေညှစ်တာ‌တွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် အဖွဲ့က ထုတ်ပြန်ပါတယ်။ DVB

သပိတ်ကျင်း PDF စခန်း လေကြောင်းမှ တိုက် ခိုက်ခံရပြီး စစ်ကြောင်းမှူး ၁ ဦး ကျဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုင်းဟုန်းကျေးရွာအနီးမှာရှိတဲ့ သပိတ်ကျင်း PDF NUG တပ်ရင်း-၁၂၂၂ စခန်းကို စစ်ကောင်စီတပ်က  မြေပြင်ကရော ဝေဟင်ကပါ အပြင်းအထန်တိုက်ခိုက်ခဲ့လို့  စစ်ကြောင်းမှူး ၁ ဦးကျဆုံးပြီး    စခန်းကိုစွန့်ခွာခဲ့ရတယ်လို့  တပ်ရင်း-၁၂၂၂ သတင်းနဲ့ပြန်ကြားရေးဌာနက ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နာရီဝက်လောက် ပြုလုပ်ခဲ့ပြီး မြေပြင်ကနေလည်း စစ်အင်အား ၂၀၀ ဝန်း ကျင်ရှိတဲ့ စစ်ကြောင်း ၄ ကြောင်း ထိုးပြီး တိုက်ခိုက်ခဲ့တဲ့အတွက် တပ်ရင်း-၁၂၂၂ က စစ်ကြောင်းမှူးတဦး ကျဆုံးပြီး တပ်သား ၃ ဦး အပြင်းအ ထန် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

လေယာဉ်ကနေ ဗုံးသီးအလုံး ၃၀ လောက် ကြဲခဲ့ပြီး စက်သေနတ်တွေနဲ့လည်း ပစ်ခဲ့သလို မြေပြင်စစ်ကြောင်းထိုးလာတဲ့ တပ်သားတွေကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စခန်းကိုစွန့်ခွာပြီး ပြန်ဆုတ်ခဲ့ရတယ်လို့ တပ်ရင်း-၁၂၂၂ ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ဆိုပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုမှာကျဆုံးခဲ့တဲ့ စစ်ကြောင်းမှူးရဲ့ နာမည်နဲ့ အသက်ကိုတော့ တပ်ရင်းအနေနဲ့ ထုတ်ဖော်ပြောကြားတာမရှိသေးဘဲ အားလုံး လုံခြုံသွားတဲ့အချိန်မှသာ အသေးစိတ် ထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

တပ်ရင်းစခန်း တိုက်ခိုက်ခံခဲ့ရတဲ့အတွက် စခန်းကိုစွန့်ခွာခဲ့ရပြီး စခန်းမှာရှိတဲ့ စက်ပစ္စည်း အသုံးအဆောင်တွေနဲ့ ရိက္ခာပစ္စည်းတွေအပြင် ရဲ ဘော်တွေရဲ့ ပစ္စည်းအမြောက်အမြား ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတပ်ရင်း စခန်းနားမှာ တိုက်မိုင်းတွေ ထောင်ထားတာကြောင့် စစ်ကောင်စီတပ်သား ၃၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်အ ချက်အလက်တွေအရ သိရပေမဲ့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ DVB

မိုးညှင်းတွင် SSP ရှမ်းနီပါတီဝင် ၁ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်မားမြို့မှာ ဇန်နဝါရီ ၂၄ ရက် မနက်က ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP)  ပါတီဝင် တယောက်  သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။

လူဦးရေသန်းခေါင်စာရင်း ကောက်ခံရာမှာ လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီက ဦးတင်ညွန့်ဟာ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်သတ်ခံရတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “မနက် ၈ နာရီလောက်က လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ပစ်သွားတာ။ သူက ရပ်ကွက်အုပ်ချုပ်ရေးမှူး မရှိလို့ ရပ်မိရပ်ဖအနေနဲ့ ဝန်ထမ်းတွေနဲ့အတူ သန်းခေါင်စာရင်း လိုက်ကောက်ပေးတယ်။ အဲဒါကြောင့် ပစ်ပုံရတယ်။ ခေါင်းကိုမှန်တာ။ ဘယ်သူပစ်လဲဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဦးတင်ညွန့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က ကြံ့ခိုင်ရေးပါတီဝင်တဦး ဖြစ်ခဲ့ကာ မြို့နယ်လူမှုကူညီရေးအသင်းတွေမှာ ပါဝင်ခဲ့တဦး ဖြစ်ပါတယ်။

ဦးတင်ညွန့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၇ မှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။DVB

ရခိုင်ပြည်နယ်တွင် ရဲဝန်ထမ်းများ၏ ဇနီးများအား အခြေခံစစ်သင်တန်း ထပ်ပေး

ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတို့ အပစ်အခတ် ရပ်စဲပြီးနောက် ရခိုင်ပြည်နယ် မြို့နယ်အားလုံးရှိ ရဲဝန်ထမ်းတွေရဲ့ ဇနီးတွေကို အခြေခံစစ်သင်တန်း ထပ်ပေးနေတယ်လို့ ရဲဝန်ထမ်းမိသားစုတွေဆီက သိရပါတယ်။

မောင်တောမြို့မှ ရဲဝန်ထမ်းဇနီးတဦးက “ကျမတို့ ၂၀၂၀ မှာတကြိမ် စစ်သင်တန်း တက်ခဲ့ကြရတယ်။ အခု ၂၀၂၃ မှာ ပြန်တက်လာရတာ။ အခြေခံသင်တန်းကိုတော့ ရဲတပ်ရင်းတွေမှာ သင်ရတယ်။ သေနတ်ပစ်တာကျတော့ ဘူးသီးတောင်တပ်ရင်းတွေက စက်ပစ်ကွင်းမှာ သွားပစ်ရတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း မြို့နယ်အားလုံးရှိ ရဲဝန်ထမ်းဇနီးတွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ အခြေခံစစ်သင်တန်း ပို့ချပေးကြောင်း ရဲမိသားစုဝင်တွေဆီက သိရပါတယ်။

အခြေခံစစ်သင်တန်းမှာ စစ်ရေးပြသင်တန်းနဲ့ လက်နက်ငယ်ပစ်သင်တန်းတွေကို မွန်းမံသင်တန်းတွေအဖြစ် ထည့်သွင်းကာ လေ့ကျင့်ပေးနေကြောင်း မြေပုံမြို့နယ်ရှိ ရဲဝန်ထမ်း ဇနီးတဦးက ဆိုပါတယ်။

“ကျမတို့ မြေပုံမြို့နယ်မှာ ထူးချေကျေးရွာအုပ်စုက ကိုင်းတောချေတောင်တန်းမှာ သင်တန်းဖွင့်လှစ် သင်ကြားခဲ့တယ်။ အခြေခံစစ်ရေးပြသင်တန်းနဲ့ မွမ်းမံလက်နက်ငယ်ပစ် သင်တန်းတွေပါ တက်ရောက်ခဲ့ကြရတယ်။”

ရခိုင်ဒေသမှာ ရဲဝန်ထမ်းတွေရဲ့ ဇနီးမယားတွေကို ၂၀၂၀ ပြည့်နှစ်မှာ တကြိမ် အခြေခံစစ်သင်တန်းပေးခဲ့ပြီး ရက္ခိုင့်တပ်တော် (အေအေ) စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ကြတဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာ သင်တန်းပေးတာကို ရပ်ထားခဲ့တာပါ။

ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်ကစပြီး နှစ်ဖက် နာလည်မှုနဲ့ အပစ်ရပ်လိုက်ပြီးနောက် စစ်ကောင်စီက ရ ခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးမှာ ဇန်နဝါရီ ၉ ရက်ကနေ ၂၀ ရက်နေ့အထိ ၂ ပတ်ကြာ အခြေခံစစ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့တာလည်း ဖြစ်ပါတယ်။ DVB

« Older Entries