ငွေတောင်စားသောက်ဆိုင်၌ PDF အား ဖမ်း ဆီးရာတွင်ပါဝင်သူများဟုဆိုကာ မသက်ဆိုင်သူများ၏ပုံများ ဖြန့်ဝေနေ

တောင်ဥက္ကလာ ၁၄ ရပ်ကွက်ရှိ ငွေတောင်စားသောက်ဆိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ရဲဘော်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးရာတွင် ပါဝင်သူများဟုဆိုသည့်ဓါတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ထိုပုံများတွင် ဖြစ်စဉ်နှင့် မသက်ဆိုင်သည့် သူများပါဝင်နေသည်။
“နွေဦးတော်လှန်ရေး” အမည်ရှိ ဖေ့ဘုတ်စ်ပေ့ချ်မှ “ငွေတောင်ကိစ္စပါဝင်သူများ၊ အမျိူးသားအကုန်ပါဝင် သည်”ဟုဆိုကာ ဓာတ်ပုံရှစ်ပုံကို ဖြန့်ဝေထားသည်။ ထိုပိုစ့်ကို ပြန်လည်မျှဝေသူ ၆၀၀ ကျော်နေပြီဖြစ် သည်။ ပိုစ့်အောက်ရှိမှတ်ချက်များတွင်လည်း ဆဲဆိုကျိန်ဆဲပြီး “PDF ရဲဘော်အစား သွေးကြွေးပြန်ဆပ်ရ မယ်” ဟူသည့် ရေးသားမှုများလည်း ရှိနေသည်။
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ ထိုပုံများ၏ရာဇဝင်ကိုရှာဖွေခဲ့ရာ ပုံအချို့သည် လွန်ခဲ့သည့် ၂၀၁၆ ၊ ၂၀၁၇ ၊ ၂၀၁၈ ခုနှစ်များတွင် ထိုဆိုင်သို့ လာရောက်စားသောက်နေသည့်ပုံများ ဖြစ်ကြောင်း တွေ့ရ သည်။
ထိုပုံများထဲတွင် ပါဝင်သည့် “Shein Min Aung” အမည်ရှိအမျိူးသားမှ ၎င်း၏ဖေ့စ်ဘုတ်အကောင့်တွင် ထိုပုံမှာ ၂၀၁၇ ကတည်းက တင်ထားသောပုံဖြစ်ကြောင်း၊ ၎င်းမှာ မလေးရှားသို့ရောက်နေသည်မှာ ငါးလ ခန့်ရှိပြီဖြစ်ကြောင်း ပြန်လည်ရှင်းလင်းထားသည်။ ရှင်းလင်းထားသည့်လင့် – https://bit.ly/3DaRfwr , ၂၀၁၇ မှ မူရင်းလင့် – https://bit.ly/3XL965D
ကာယကံရှင်ထံ ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်မလေးရှားရောက်နေတာကြာပါပြီ၊ ၂၀၁၇ ကပုံပါ၊ တော်လှန်ရေးလုပ်နေသူတွေကိုလေးစားပေမယ့် ခံရခက်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထပ်မံ၍ “La Min Thura” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှလည်း ၂၀၁၆ ခုနှစ်က ၎င်းတို့ပုံကို အသုံးပြုထား ကြောင်း ပြန်လည်ရှင်းလင်းထား သည်။ လင့် – t.ly/YTM4
“လင်္ကာညို” အမည်ရှိ ဖေ့ဘုတ်အကောင့်မှလည်း ငွေတောင်စားသောက်ဆိုင်နှင့် မသက်ဆိုင်သော ၎င်းတို့ ၏ ဆွေမျိုးရင်းချာမိသားစုဝင်ပုံပါ ဝင် နေပြီး လွန်ခဲ့သော ငါးနှစ်ကပုံဖြစ်ကြောင်း ရှင်းလင်းထားသည်။ လင့် – t.ly/DYDk
လူအများဝိုင်းထိုင်နေသော ပုံမှာလည်း ၂၀၁၈ ခုနှစ်ကတည်းက ထိုဆိုင်သို့ရောက်ရှိနေကြောင်း ဖေ့စ်ဘုတ် တွင် (Check In) ဝင်ထားသောပုံဖြစ်သည်။ လင့် – https://bit.ly/3XRoBI
နွေဦးတော်လှန်ရေး ပေ့ချ်မှတင်ထားသော ပုံရှစ်ပုံတွင် လေးပုံအကြောင်းကို စစ်ဆေးခဲ့နိုင်ပြီး ၂၀၁၆ ခုနှစ်ကတည်းက ထိုဆိုင်တွင် ရောက်ရှိကြောင်း (Check In) ဝင်ထားသော ပုံများဖြစ်သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မီဒီယာများ၏ သတင်းတင်ဆက်မှုများတွင်လည်း PDF ရဲဘော်ကို ဝိုင်းဝန်းရိုက် နှက်ဖမ်းဆီးသတ်ဖြတ်ခဲ့သူများမှာ ဆိုင်၏ဝန်ထမ်းများဖြစ်ကြောင်းဖော်ပြထားသည်။ ဆိုင်သို့ လာရောက် စားသုံးသူများ မဟုတ်ပေ။
ထို့ကြောင့် ယခု ပျံ့နှံ့နေသည့် ငွေတောင်ကိစ္စတွင် ပါဝင်သူများဆိုသည်မှာ ယခင်နှစ်များက အဆိုပါဆိုင် သို့သွားရောက်စားသောက်ကာ ဖေ့စ်ဘုတ်တွင် (Check In) ဝင်ထားသည့် ပုံများကိုအသုံးပြုကာ ဖြန့်ဝေ ထားခြင်းဖြစ်သည်။ ထိုသို့ လှုံ့ဆော်ကာဖြန့်ဝေခြင်းက အခြားမသက်ဆိုင်သည့် လူပုဂ္ဂိုလ်မိသားစုများကို ထိခိုက်စေနိုင်သည်။
ဇန်နဝါရီလ ၂၁ ရက်နေ့က တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ PDF ရဲဘော်များမှ ဗုံးပစ်တိုက်ခိုက်စဉ် ဘေးရှိ ငွေတောင်စားသောက်ဆိုင်မှဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima