စက်ရုံမှ လက်မခံသည့် MOU လုပ်သားများအား လုပ်ခပြန်လည်ရရှိစေရန် NUG-MOL မှ ကူညီပေးခဲ့

COVID-19 ကာလအပြီးတွင် မြန်မာနိုင်ငံမှ MOU စနစ်ဖြင့် စေလွှတ်ခဲ့သည့် လုပ်သားပေါင်း ၁၅,၀၀၀ နီးပါးရှိနေရာ အချို့ MOU လုပ်သားများမှာ အလုပ်ရှင်များမှ လက်မခံသဖြင့် အလုပ်လုပ်ခွင့် မရရှိကြသည့် ဖြစ်စဉ်များ ရှိနေသည်။
MOU စနစ်ဖြင့် လုပ်သားစေလွှတ်ရာတွင် လုပ်သားစေလွှတ်ခွင့်ကျသည်နှင့် တာဝန်ပေးအပ်ထားသည့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ အရာရှိ၏ ရှေ့မှောက်တွင် မြန်မာ-ထိုင်း နှစ်ဖက် အေဂျင်စီများမှ တာဝန်ခံလက်မှတ်ရေးထိုးကာ ထိုင်းနိုင်ငံရှိ စာချုပ်ပါ လုပ်ငန်းခွင်သို့ အရောက်ပို့ဆောင်ပေးရမည်ဖြစ်ပြီး ရောက်ရှိသည့်နေ့မှ စတင်ကာ အလုပ်လုပ်ကိုင်ခွင့်ပေးရမည်ဖြစ်ကြောင်း NUG အလုပ်သမားဝန်ကြီးဌာနမှ မဇ္ဈိမ ကိုပြောသည်။
ထိုင်းနိုင်ငံ Chonbori မြို့ရှိ Lakbam စက်ရုံမှ လုပ်သား ၃၀ဦးနှင့် Phakee ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်သား ၁၀ဦးတို့သည် MOU စနစ်ဖြင့် အလုပ်လုပ်ရန် ရောက်ရှိနေပြီး အဆိုပါမြန်မာရွှေ့ပြောင်း အလုပ်သမားများအား အလုပ်လုပ်ကိုင်ခွင့် မပေးသဖြင့် NUG အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာန လက်အောက်ရှိ အငြင်းပွားမှုဖြေရှင်းရေးရုံးခွဲ (ဘန်ကောက်) ရုံးတာဝန်ခံမှ လုပ်ခရရှိစေရန် သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
Lakbam စက်ရုံမှ အလုပ်သမား ၃၀ ဦးအတွက် ထိုင်းနိုင်ငံသို့ရောက်ရှိပြီး နောက်အလုပ်သစ်သို့ ပြောင်းရွေ့သွားသည့်နေ့အထိ လုပ်အားခ၏ ၇၅ ရာခိုင်နှုန်းနှင့်ညီမျှသော ၉၉,၆၀၀ ဘတ် အားလည်းကောင်း၊ Phakee ဆောက်လုပ်ရေးလုပ်ငန်းမှ အလုပ်သမား ၁၀ ဦးအတွက် ၂၆ ရက်စာ လုပ်အားခ ၈၃,၁၀၀ ဘတ်အားလည်းကောင်း ရရှိရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဆိုသည်။
အဆိုပါ MOU စနစ်ဖြင့် လာသော်လည်း လုပ်ငန်းခွင်များက လက်မခံသည့် ကိစ္စနှင့်ပတ်သက်၍ “MOU စနစ်နဲ့လာပြီး ဘာလို့ စက်ရုံတွေက လက်မခံတာလဲဆိုတာတော့ ပိုင်ရှင်ကိုယ်တိုင်မှပဲ တိတိကျကျသိလိမ့်မယ်။ MOU စနစ်နဲ့ လုပ်သားစေလွှတ်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးမှာ စက် ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်တွေမှာ အမှန်တကယ် လုပ်သားလိုအပ်ချက် ရှိ/မရှိ သေချာအောင် မစစ်ဆေးဘဲ နှစ်ဖက် အေဂျင်စီတွေရော စစ်ကောင်စီလက်အောက်ခံ အလုပ်သမားသံအရာရှိတွေရဲ့ ငွေရပြီးရောဆိုပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ အောက်တန်းကျတဲ့ စိတ် ဓာတ်တွေနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ပြီးစလွယ်အလုပ်လုပ်ကြတာကြောင့်ရယ်၊ မလိုအပ်တဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေကြောင့် လုပ်သားစေလွှတ်ခွင့်တွေ ကြန့်ကြာနေတာတွေကြောင့်လို့ သုံးသပ်သည်” ဟု NUG အလုပ်သမားဝန်ကြီးဌာနမှ မဇ္ဈိမ ကိုပြောသည်။
ယခုကဲ့သို့ MOU စနစ်ဖြင့် ရောက်လာကာ အလုပ်လက်မခံသည့် ဖြစ်စဉ်မျိုး ယခင်ကလည်း ရှိခဲ့ဖူးကြောင်းနှင့် NUG အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် နှစ်အစတွင် အလုပ်သမား ၄၀ ဦးအား လုပ်ခပြန်လည်ရရှိစေရန် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဆိုသည်။
“တော်လှန်ရေးကာလ ဖြစ်နေတဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားတွေမှာလည်း ထိခိုက်နစ်နာမှုတွေရှိနေပါတယ်။ ထိုင်းနိုင်ငံရဲ့ NUG အပေါ် အသိအမှတ်ပြုမှု မရှိသေးတာကြောင့်လည်း ရွှေ့ပြောင်းအလုပ်သမားအရေး ဖြေရှင်းမှုမှာ အားနည်းနေပါတယ်။ ဒါဟာ မြန်မာရွှေ့ပြောင်းအ လုပ်သမားတွေကိုသာမက ထိုင်းနိုင်ငံကိုပါ ထိခိုက်စေတယ်ဆိုတာ တစ်နေ့တော့ ထိုင်းအာဏာပိုင်တွေ သိလာပါလိမ့်မယ်” ဟုလည်း ဆိုသည်။
ထိုင်းရောက် မြန်မာလုပ်သားများသည် အထောက်အထားမရှိ၊ မပြည့်စုံသဖြင့် ဖမ်းဆီးခံရခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ အထောက် အထားရှိသူများမှာလည်း ပတ်စ်ပို့စ်သက်တမ်းကုန်သွားသဖြင့် သက်တမ်းတိုးရန် အခက်အခဲများရှိနေခြင်း၊ အချို့သူများသည် နိုင်ငံထဲသို့ ပြန်ရန် အန္တရာယ်ရှိခြင်း စသည့် အမျိုးမျိုးသော အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေကြရသည်။mizzima