စစ်ကောင်စီကို အဆုံးသတ်အပြုတ်တိုက်ရန် လိုအပ်သည်များ စီမံရမည်ဟု ယာယီသမ္မတကြီးပြော

စစ်ကောင်စီကို အဆုံးသတ်အပြုတ်တိုက်ရန် လိုအပ်သည်များ စီမံရမည်ဟု NUG ယာယီသမ္မတကြီး က အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။
“ ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ကို ဒီ့ထက် အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ကြမယ်။ အဆုံးသတ် အပြုတ်တိုက်ပွဲအတွက်လည်း လိုအပ်တာတွေကို အစစအရာရာ စနစ်တကျ ပြင်ဆင်ထားကြရ မယ်။ ကျွန်တော်တို့ပြည်သူတွေ အရှုံးခံလို့မရဘူး။ ကျွန်တော်တို့ဟာ အဆုံးသတ်တိုက်ပွဲအတွက် တော်လှန်ရေး သက်လုံတွေကို မြှင့်ထားကြရမယ်” ဟု ယာယီသမ္မတကြီးက ပြောသည်။
ယခင်က ဖက်ဆစ်ဂျပန်နှင့် ကိုလိုနီလက်အောက်က လွတ်မြောက်ရန် ကြိုးပမ်းခဲ့ရသော်လည်း လက်ရှိအခြေအနေမှာ လူမျိုးအချင်းချင်းဗိုလ်ကျနေသည့် စစ်တပ်ကို တော်လှန်နေရသည့်အခြေအနေဟု သမ္မတကြီးက ပြောသည်။
“ဒီနေ့အချိန်မှာတွေ့ရတဲ့ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေးရပြီး နောက်ပိုင်း အကြီးကျယ်ဆုံး အကျယ်ပြန့်ဆုံးဖြစ်လာတဲ့ ပြည်တွင်းစစ်လို့တောင် ပြောနိုင်ပါတယ်။ နွေဦးတော်လှန်ရေးမှာ အဆိုးထဲက အကောင်းတွေလည်း ရလိုက်တာတွေ ရှိတယ်လို့ ယူဆပါတယ်။ ယခင်တုန်းက လက်နက်ကိုင်ခုခံ တော်လှန်မှု ကို ငြင်းချက်ထုတ်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အများအပြား ရှိခဲ့တယ်။ ယခု လက်ရှိကာလမှာတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ဗဟိုပြုထားကြရတော့မယ်ဆိုတာကို အတွေ့အကြုံအားဖြင့် လက်တွေ့သိလာကြပါပြီ။ တကယ်တော့ ကျွန်တော်တို့ဟာ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းချင်ကြတဲ့သူတွေ ချည်းပါပဲ။ ဒါပေမယ့် လူထုက လက်နက်ကိုင်ပြီး ခုခံမှကို ရတော့မယ့် အခြေအနေကို မြန်မာစစ်ခေါင်းဆောင်တွေက တွန်းပို့ခဲ့ပါတယ်။ ဒီတော့ စပြီးတဲ့ ဇာတ်ကို ဆုံးအောင် က,ကြရမယ်လို့ ပြတ်ပြတ်သားသား ပြောချင်ပါတယ်” ဟု သမ္မတကြီး ဒူဝါလရှီးလက ပြောသည်။
နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့်ကာလမှာ ရက်ပိုင်းအတွင်း ရောက်ရှိလာတော့မည် ဖြစ်ပြီး NUG အစိုးရအဖွဲ့ဝင် တစ်ဦးချင်းစီအနေဖြင့် ပြန် လည်စဉ်းစားသုံးသပ်ကြရန်လိုကြောင်း၊ ထို့ပြင် ပင်လုံစာချုပ်ချုပ် ဆိုခြင်း (၇၆) နှစ်မြောက် အချိန်ကိုလည်း ရောက်လာတော့မည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီအတွက် ဘုံရည်မှန်း ချက်၊ ဘုံသဘောတူညီချက်များ လိုအပ်ကြောင်း သမ္မတကြီးက ပြောသည်။
နိုင်ငံတစ်ခု ပြန်လည်ထူထောင်ရေးကိစ္စဟာ အင်မတန်နက်နဲသလို အင်မတန်လည်းရှုပ်ထွေးပါတယ်။ ဒါ့အပြင် တိုင်းပြည်ထူထောင်ရေးကိစ္စဟာ အနုပညာ တစ်ရပ်လို နှလုံးသားနဲ့ရင်းပြီး လုပ်ကိုင်ရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နောင်လာမယ့် မျိုးဆက်တွေအတွက် နှလုံးသားကြီးကြီး ရှိထားရပါလိမ့်မယ်။ ဒါ့အပြင် နောင်နှစ်ပေါင်း လေးငါးခြောက်ဆယ် လောက်အထိ ကြိုတင်မြော်မြင် ထားကြဖို့လည်း လိုပါတယ်။ ပဋိပက္ခဟာ ယာယီသဘောဖြစ်ပါတယ်။ ပဋိပက္ခအလွန်ကာလတွေမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဘယ်လိုပုံစံမျိုး မြင်ချင်သလဲဆိုတာကို အခုကတည်းက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားကြရပါလိမ့်မယ်” ဟု ၄င်းကဆက်လက်ပြောကြားသည်။
ခုခံတော်လှန်စစ်မှ အဆုံးသတ်တိုက်ပွဲကို ဦးတည်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို မျှော်လင့် နိုင်မည်ဖြစ်ကြောင်း၊ ပန်းတိုင်ရောက်ရှိရန် အားလုံးပြင်ဆင်ထားရမည်ဟု သမ္မတကြီးက ပြောကြားသည်။ mizzima