တနင်္သာရီမြို့ မောတောင်သွားလမ်းပိုင်း ငွေ ကြေးကောက်ခံမှုမှာ PDF အဖွဲ့က ကောက်ခံခြင်းမရှိဟု ပြောဆို


တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်သွားသည့် လမ်းပိုင်းတွင် ကားနှင့် ဆိုင်ကယ်များကို လက်နက်ကိုင် အဖွဲ့စည်း နှစ်ခုက အခွန်ကောက်ခံနေဟုဆိုကာ ငွေကြေးများကောက်ခံလျက်ရှိကြောင်း သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများထံမှ သိရ သည်။
အဆိုပါ တနင်္သာရီမြို့နယ် မောတောင်မြို့ မောတောင်ငယ် သွားသည့် လမ်း တောင်ပေါ် နတ်စင်လမ်းကွေ့တွင် PDF နှင့် KNU တပ်မဟာ(၄) သစ်တောအဖွဲ့မှ မော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များကို ငွေကြေးများ တောင်းခံခဲ့သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသား ဖော်ပြထားကြောင်း ခရီးသွား ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံက“ထုံခါ-မောတောင် လမ်းအပိုင်းပေါ်မှာ PDF တွေကို တာဝန်ချထားခြင်းမရှိပါဘူးဆိုတာဘဲ ပြောချင်တယ်”ဟု ပြောသည်။
ယင်းသို့ ငွေကြေး ကောက်ခံမှုနှင့် ပတ်သက်ပြီး ခရီးသွားပြည်သူများထံ ငွေကြေး သီးခြား ကောက်ခံတာမျိုး မရှိကြောင်း သိရပြီး လူပွဲစား (ဘောလုံးကား) များကိုသာ KNU လက်နက်ကိုင် အဖွဲ့ကသာ ကောက်ခံခြင်းသာ ရှိသည်ဟု ခရီးသွား ပြည်သူများထံမှ သိရသည်။
“ပုံမှန်အတိုင်း သွားလာနေတာတော့ တစ်ခါမှလည်း မကောက်ခံထိသေးတော့ ကားတွေက ဘောလုံးတွေ တင်ရင်တော့ ကောက်ခံထိတာပဲ သိတယ် သွားနေတာပဲ ကားတွေက အများကြီးပဲ အခြား ခရီးသည် ကားတွေကိုတော့ ကောက်တာ မရှိဘူး”လို့ မြိတ်- မောတောင် ခရီးသည်တင် ယာဉ်မောင်း တစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ် မောတောင်မြို့သည် ထိုင်း-မြန်မာ နယ်စပ်ဂိတ် တစ်ခု ဖြစ်ပြီး မောတောင်-စင်ခွန်း နယ်စပ်ဂိတ်သည် မြိတ်ဒေသထွက် ရေထွက်ကုန်များ တင်ပို့ ရောင်းချရာတွင် အရေးပါသည့် နယ်စပ်ဂိတ် တစ်ခုဖြစ်သည်။ mizzima