ဓမ္မဘက်သား မြန်မာ-တရုတ် သူရဲကောင်းများ

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်၊ ညနေ ၅ နာရီခန့် ရန်ကုန်လေဆိပ်တွင် ပြည်ပခရီးသည်တင် လေယာဉ်တစင်း ဆိုက်ရောက်လာသည်။ လာရောက်ကြိုဆိုသူများက ဆီးကြိုနှုတ်ဆက်ကြ၊ ပွေ့ဖက် မွှေ့ယမ်းကြဖြင့် ကြည်နူးဖွယ်မြင်ကွင်း။ လေဆိပ်ပြင်ပ ရောက်ရှိလာသော လူကြီးတဦးထံ လာရောက်ကြိုဆိုသူတဦးက ကလေးငယ်တယောက်ကို ထိုးပေးလိုက်သည်။ ကလေးငယ်ကို ပွေ့ချီ မြှူရင်း ထိုခရီးသည်မှာ ကြည်နူးနေဟန်။

ထိုကြည်နူးဟန်မှာ ကြာကြာမခံ။ ဒိုင်းခနဲ မြည်ဟီးသွားသော သေနတ်သံနှင့်အတူ ခရီးသည်ကြီးမှာ ပွေ့ချီထားသော ကလေးငယ်နှင့်အတူ လမ်းပေါ် ပစ်လဲကျသွားသည်။ လူတယောက်ကို လူတယောက်က သေနတ်နှင့်ပစ်ပြေးပြီ ဆိုသည်ကို မြင်တွေ့လိုက်ရသော လေဆိပ်အငှားယာဉ် မောင်းတစုသည် သေနတ်သမားနောက်ကို တဟုန်ထိုး လိုက်ကြတော့သည်။ အငှားယာဉ်ကို မှီကာ ခရီးသည် စောင့်မျှော်နေသော အသားဖြူဖြူ၊ ပိန်ပိန်ပါးပါး အငှားယာဉ်မောင်းတယောက်ကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူ့ရှေ့မှ ဖြတ်ပြေးသွားသည့် သေနတ်သမားနောက်ကို ပြေးလိုက်တော့သည်။ နောက်ကလိုက် ပြေးလွှားရင်း တနေရာတွင် အုတ်နီခဲတလုံးကို သူ မြင်လိုက်ရ၏။ ထိုအုတ်ခဲကို ကောက်ဆွဲ ယူပြေးရင်း အုတ်ခဲဖြင့် ပစ်သာသည့် အကွာအဝေး နီးကပ်လာသည်နှင့် သေနတ်သမား၏ နောက်ကျောကို မိမိရရ လှမ်းထုချလိုက်သည်။ ပြေးနေသော သေနတ်သမား ဟန်ချက်ပျက်ကာ လမ်းပေါ်ပြိုလဲသွားသည်။ သို့သော် သေနတ်သမားက သူ့ကို အုတ်ခဲဖြင့်ထုသူကို သေနတ်ဖြင့် လှမ်းပစ်သွားခဲ့သေးသည်။ ထို့နောက်တော့ သေနတ်သမားကို အငှားယာဉ်မောင်းတစုက လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။

နိပါတ်တော်လာ ဇာတ်ဝတ္ထုများကဲ့သို့ ဇာတ်ပေါင်းရလျှင် သေနတ်ဖြင့် လုပ်ကြံပစ်ခတ် သတ်ဖြတ်သူမှာ စစ်တပ်ကျောထောက်နောက်ခံပြု အစွန်းရောက် မျိုးချစ်ဂိုဏ်းသား ကြည်လင်း။ သေနတ်သမားကို အုတ်ခဲဖြင့်ထုခဲ့သူကား ကိုနေဝင်း။ ကနဦး အပစ်ခံရသူကား  ဦးကိုနီ။ ကိုနေဝင်းသည် လေဆိပ်တွင် ကိုယ်ပိုင်အငှားယာဉ်မောင်းနှင်သူ။ ဦးကိုနီမှာ NLD ပါတီ၏ အကြံပေးရှေ့နေကြီး။ တဦးက ဗုဒ္ဓဘာသာဝင် မြန်မာ-တ ရုတ်ကပြား။ တဦးကမူ အစ္စလမ်ဘာသာဝင်။ ဤဖြစ်စဉ်ကို စေ့ငုကြည့်လျှင် အခင်းဖြစ်ချိန်က ဘယ်အသိုင်းအဝိုင်းက ဘယ်သူအပစ်ခံရခြင်းဟု ဘယ်သူကမျှ သိကြသေးမည်မဟုတ်။ လူတယောက်ကို လက်နက်အားကိုးဖြင့် သတ်ဖြတ်သွားခြင်းကို လက်မခံနိုင်၍ စုစည်းတုံ့ပြန်ခဲ့ကြခြင်းဖြစ်မည်မှာ ဧကန်။ ထိုသို့ တုံ့ပြန်သူများအထဲကမှ မြန်မာ-တရုတ်ကပြား ကိုနေဝင်းက သေနတ်သမားကို ဖမ်းမိနိုင်အောင် အုတ်ခဲဖြင့် မိ မိရရ ထုနိုင်ခဲ့သူ။ ကိုနေဝင်းသည်လည်း ဘယ်သူဘယ်ဝါကို ပစ်သတ်သွားလို့ဟူသော ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲဖြင့် တုံ့ပြန်ခဲ့ခြင်း မဟုတ်နိုင်သည်မှာ သေချာလှသည်။ အဓမ္မမှုကို လက်မခံနိုင်ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်မှုကို တွန်းလှန်လိုခြင်းသာ။ တနည်းအားဖြင့် ကိုနေဝင်းသည်ကား ‌ဖခင် ဦးမောင်မောင်၊ မိခင် ဒေါ်လျူငွေဟောင် (ခ) ဒေါ်မြင့်ရီတို့က မွေးဖွားခဲ့သည့် ဓမ္မဘက်တော်သား မြန်မာ-တရုတ်ကပြား။

ကိုနေဝင်းနောက်တွင်မူ မြန်မာစစ်တပ်၏ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုကို ခံရသူမှာ မန္တလေးမြို့မှ အသက် ၁၉ နှစ်အရွယ် အမျိုးသ မီး ကြယ်စင် (ခေါ်) တိန်ကျားရှီးဖြစ်သည်။ သူသည် ကိုးကန့်မိခင်၊ ယူနန်ဖခင်တို့နှင့်အတူ မန္တလေးမြို့တွင် အခြေစိုက်နေထိုင်နေသူဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် သူသည် အရာအားလုံး အဆင်ပြေသွားပါလိမ့်မည် (Everything will be OK) စာတမ်းပါ အနက်ရောင်တီရှပ် အင်္ကျီကို ဝတ်ဆင်ထားကာ မန္တလေးမြို့ ဆန္ဒပြပွဲ၌  အခြားသော မြန်မာလူငယ်များနှင့်အတူ ပါဝင်ခဲ့သည်။ လွတ်လပ်မှုနှင့် တရားမျှတမှုကို လိုလားသော သူ့ကို မြန်မာစစ်တပ်က ပေးအပ်လိုက်သည့် ဆုတံဆိပ်ကား ဦးခေါင်းတည့်တည့်ကို ချိန်ရွယ်ပစ်ခတ်ခြင်း။ မန္တလာမြေတွင် မြန် မာ-တရုတ် ကပြား အပျိုမလေး၏သွေး မြေခခဲ့ရပြီ။ ဤမျှနှင့်မပြီး မြန်မာစစ်တပ်က သူ့၏ သေဆုံးခန္ဓာကို မြှုပ်နှံထားရာမှ ပြန်လည်တူးဖော်ယူခဲ့ကြသည်။

မြန်မာစစ်တပ်နှင့် စစ်တပ်လော်ဘီတို့၏ ယုတ်မာမှုက ကမ်းကုန်ပင်။ မန္တလေးမြို့၊ ဘူတာကြီးအနီး ဆန္ဒပြပွဲများကို ဖြိုခွဲရာတွင် တရုတ်လို “တစ်၊ နှစ်၊ သုံး၊ ယိ‌၊ အော့၊ ဆမ်း” ဟု အော်ကာ မြန်မာများကို ချေမှုန်းရာတွင် တရုတ်နိုင်ငံသားများ ပါဝင်နေသယောင် ဟန်ဆောင်ခဲ့ကြသေးသည်။ ထိုကဲ့သို့ မြန်မာစစ်တပ်၏ သရုပ်ဖမ်းမှုကို ထိုစဉ်က ခိုးရိုက်ထားသော ဗီဒီယိုဖိုင်များတွင် တွေ့မြင်ရသည်။ အာဏာရှင်ဆန့်ကျင်ရေးမှသည် တရုတ်နွယ်ဖွားနှင့် မြန်မာလူမျိုးများအကြား ပဋိပက္ခဖြစ်ပွားအောင် လမ်းကြောင်းပြောင်း လှုံ့ဆော်မှုပြုခဲ့သည့် မြန်မာစစ်တပ်နှင့် စစ် တပ်လော်ဘီတို့၏ ကြိုးပမ်းအားထုတ်မှု။ သို့သော် တရုတ်နွယ်ဖွားများနှင့် မြန်မာတို့သည် ထိုလူမျိုး‌ရေးပဋိပက္ခ ထောင်ချောက်ကို ကျော်လွှားနိုင်ခဲ့ကြသည်။

တိန်ကျားရှီး‌ (ခေါ်) ကြယ်စင် မြန်မာစစ်တပ်၏ သတ်ဖြတ်ခံရပြီးနောက် ထပ်မံအသတ်ခံခဲ့ရသူကား လင်ယိုဇောင် Lin Yaozong (ခေါ်) ခန့်ညားဟိန်း။ သူသည်လည်း ရန်ကုန်အခြေစိုက် မြန်မာ-တရုတ်အနွယ်ဖွားများ အနေများရာ လသာမြို့နယ်နေ မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့သည့် ‌ဆရာ ဝန်လောင်းလျာ ဆေးကျောင်းသားလူငယ်တဦး။ တာမွေမြို့နယ် ရဲစခန်းအနီးတွင် ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်ခံရသူ။ သူ့ကို အကူအညီပေးရန် သွားခဲ့သည့် မြန်မာအမျိုးသမီးငယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက် ရိုက်နှက် ဆွဲခေါ်သွားကြပြီး သူ့ရုပ်ခန္ဓာကိုလည်း တရွတ် ဆွဲကာ ရဲစခန်းအတွင်း ခေါ်သွားခဲ့ကြသည်။

လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အုတ်ခဲဖြင့် တုံ့ပြန်ချေမှုန်းရဲခဲ့သည့် မြန်မာ-တရုတ်နွယ်ဖွား အညတရသူရဲကောင်း ကိုနေဝင်း ကွယ် လွန်ခဲ့သည်မှာ ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ဆိုလျှင် ၅ နှစ်ပြည့်ခဲ့ပေပြီ။ အဓမ္မသမား၏ လက်ချက်ကြောင့် ကိုနေဝင်း ကွယ်လွန်ခဲ့ပြီးနောက် တွင်လည်း မြန်မာနိုင်ငံတွင် အဓမ္မအမှောင်တိုက်က ကြီးစိုးနေဆဲ။ ထိုအမှောင်တိုက်ကို ဖြိုခွဲရန် အန်တုရင်း တိန်ကျားရှီး၊ လင်ယိုဇောင်တို့သည် အခြားသော မြန်မာများနှင့်အတူ ကြွေလွင့်ခဲ့ကြရသည်မှာ ပစ္စက္ခ သမိုင်း။

ကိုနေဝင်း၊ တိန်ကျားရှီး၊ လင်ယိုဇောင်တို့၏ ဝိညာဉ်များသည် မြန်မာစစ်တပ်၏ အဓမ္မပြုကျင့်မှုများကို လျစ်လျူရှု မေ့လျော့ခြင်းမပြုရန် ဘေဂျင်းနိုင်ငံရေးခေါင်းဆောင်များကို လှုံ့ဆော်နေလိမ့်မည်ဟု ယူဆရပါသည်။ မြန်မာတို့ကမူ ဓမ္မဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့ကြသူအပေါင်း၏ ဂုဏ်ကျေးဇူးကို ဘယ်သောအခါမျှ မေ့ကြမည်မဟုတ်ပေ။

စောအဲမွန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s