မင်းတပ်မြို့ကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဟု CDF – Mindat ဆို


ချင်းပြည်နယ် ၊ မင်းတပ်မြို့အား စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်လျက်ရှိရာ ယင်းလုပ်ရပ်သည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat က ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။
ဘာသာရေး အဆောက်အဦများ ၊ စစ်ဘေးရှောင်စခန်းများနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ စစ်ကောင်စီ၏ လေကြောင်းအ သုံးပြုတိုက်ခိုက်မှု ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု တို့သည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ ဥပဒေများကို ဆန့်ကျင်သည့်လုပ်ရပ်ဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီ၏လေတပ်မှ မင်းတပ်မြို့အတွင်းသို့ ဇန်နဝါရီလ ၇ရက် ၊ ၈ရက် ၊ ၂၁ရက် နှင့် ၂၃ရက် လေးရက်တာ ကာလအတွင်း လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း ရှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် လူနာများ ခိုနား၍ ဆေးဝါးကုသလျက်ရှိသော ဘုန်းတော်ကြီးကျောင်းများ ၊ ဆေးခန်းများနှင့် ၊ စစ်ဘေးရှောင် စခန်းများကို ချိန်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများ ခိုနားရာ ဘုန်းတော်ကြီးကျောင်းများ ၊ ပြည်သူပိုင်နေအိမ်များ နှင့်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး ၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖွဲ့စည်းထားသည့် CDF – Mindat တပ်ဖွဲ့သည့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် တုံ့ပြန်တော်လှန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။
ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်ပြီး မင်းတပ်နယ်အတွင်းသို့ မြေပြင်၊ ဝေဟင်မှ စစ်ကြောင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ကလေးသူငယ်များကို ပစ် ခတ်သတ်ဖြတ်ခြင်း ၊ ခရီးသွားလူငယ်များကို ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ အရပ်သားပြည်သူများကို ပေါ်တာဆွဲခြင်း ၊ ဘာသာရေးအ ဆောက်အဦများနှင့်လူနေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်း ၊ ပြည်သူပိုင် အသုံးအဆောင်ပစ္စည်းများ ခိုးယူခြင်း စသည့်တို့ကို ကျူးလွန်လျက်ရှိပြီး ယခုတိုင် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် လတ်တလော သိရှိရသော စာရင်းများအရ ဇန်နဝါရီလ ၇ရက် ည ၁၁နာရီအချိန်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ၊ နေအိမ်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ဇန်နဝါရီလ ၈ နံနက် ၈နာရီတွင် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ရှိခဲ့ပြီး နေအိမ် တစ်လုံး ပျက်စီးပြီး ဇန်နဝါရီလ ၂၁ရက် ည၁၂နာရီတွင် လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် နှစ်လုံးနှင့် ဆိုင်ကယ်နှစ်စီး ပျက်စီးခဲ့သည်။
၎င်းအပြင် ဇန်နဝါရီလ ၂၃ရက် နံနက် ၁၁နာရီအချိန်တွင် လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီး ကျောင်း တစ်ကျောင်းနှင့် လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း CDF – Mindat ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ယခုဖော်ပြပါ ပျက်စီးဆုံးရှုံးမှုများသည် လတ်တလော သိရှိရသည့် စာရင်းများဖြစ်ပြီး ထပ်တိုးစာရင်း ရှိလာပါက ထပ်မံဖော်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ mizzima