မန္တလေးတွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း ၂ လောင်းတွေ့၊ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးဟုဆို

မန္တလေးမြို့တွင် နှစ်ရက်အတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီလ ၂၂ ရက် ညနေပိုင်းတွင် တစ်ကြိမ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ပိုင်ရှင်မဲ့ရုပ်အလောင်းများတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းနှစ်ခုစလုံးတွင် ပြင်ပဒဏ်ရာ တစ်စုံတရာမတွေ့ရကြောင်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
“နှစ်ကြိမ်စလုံးမှာတွေ့ရတဲ့ အလောင်းနှစ်လောင်းစလုံးမှာ ဘာဒဏ်ရာမှမရှိဘူး၊ တစ်လောင်းက ရောဂါကြောင့် သေတာလို့ ခန့်မှန်းကြတယ်၊ သံလမ်းဘေးတွေ့တဲ့ အလောင်းကတော့ ဘာမှန်းကိုမသိရသေးဘူး၊ အခု ဆေးရုံကြီး ရင်ခွဲရုံမှာ” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါပိုင်ရှင်မဲ့အလောင်းနှစ်လောင်းတွေ့ရှိမှုနှင့်ပတ်သက်၍၊ မည်သည့်အတွက်ကြောင့်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ရောဂါကြောင့်သေဆုံးသည်ဆိုလျှင်လည်း မည်သည့်ရောဂါကြောင့်သေဆုံးခဲ့သည်ကို သတင်းထုတ်ပြန်သင့်ကြောင်း၊ မြို့လူထုကြားဝေဖန်မှုများ ရှိနေသည်။
“ကိုဗစ်(COVID-19)ရောဂါကြောင့်လား ဘာလားပေ့ါ၊ အဲဒါကို သိချင်နေကြတယ်၊ ပိုင်ရှင်မပေါ်ဘူးဆိုရင်လည်း ဘယ်လို ကြောင့်သေတယ် ဘာရောဂါနဲ့သေတယ်ဆိုတာကို သတင်းထုတ်ပြန်သင့်တယ်” ဟု မြို့ခံတစ်ဦးကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်နဝါရီလ ၂၂ရက်နေ့ ညနေ ၅ နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ဦးပွားခုံးတံတားအောက် မီးရထားသံလမ်းဘေးတွင် လူတစ်ဦးသေဆုံးလျက်တွေ့ရကြောင်း သတင်းအရ တာ၀န်ရှိသူများက သွားရောက် စစ်ဆေးရာ ဦးထုပ်အနီဆောင်းထားပြီး အင်္ကျီအနက် ဘောင်းဘီအနက်၀တ်ဆင်ထားသည့် အသက်သုံး ဆယ်၀န်းကျင်အရွယ် အမည်မသိအမျိုးသားတစ်ဦးအား မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်ကလည်း မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်ကမ်းအနီးတွင် အသက်သုံးဆယ်၀န်းကျင်အရွယ် ပိုင်ရှင်မဲ့ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်အလောင်းနှစ်ခုစလုံးတွင် ပြင်ပဒဏ်ရာ တစ်စုံတရာမတွေ့ ရကြောင်း စစ် ကောင်စီ၏ ဝါဒဖြန့်သတင်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။mizzima