မြိတ်တွင် အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ပါက အုပ်ကြီးနှင့် ပျူစောထီးများအား ကျပ်သိန်းဆယ်ချီ ပေးနေရ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအချို့တွင် အိမ်ခြံမြေအရောင်း အဝယ်ပြုလုပ်ပါက ပျူစောထီးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ ငွေကျပ်သိန်းဆယ်ချီ ပေးဆောင်နေရ ကြောင်း အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။
မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာအုပ်စုနှင့်ရေပုံးနယ်မြေတို့တွင် နှစ်ဦးသဘောတူ အိမ်ယာမြေကွက်များ အရောင်းအ ဝယ်ပြုလုပ်ပါက ရောင်းချသူဘက်မှ မိမိတို့၏ ရပ်ကွက်နှင့် ကျေးရွာရှိ ပျူစောထီးအဖွဲ့၊ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို ပြည်သူစစ်၏ လစာအတွက်ဟုဆိုကာ ငွေကျပ် ၁၀ သိန်းကျော်ပေးဆောင်ရကြောင်း အိမ်ယာမြေ ရောင်း/ဝယ် ပြုလုပ်သူများထံမှ သိရသည်။
မြိတ်တောင်ကျေးရွာရှိ အိမ်ယာမြေရောင်းချသူတစ်ဦးက“အိမ်၊မြေ အရောင်းအဝယ်လုပ်ရင် ရပ်ကွက်က တာဝန်ရှိတဲ့သူတွေကို အသိပေးရတယ်၊ ရောင်းဝယ်ဖြစ်ရင်လည်း ငွေတောင်းတာအရမ်းများတယ်။ ကလွင်၊ ရေပုန်း မြိတ်တောင်ကျေးရွာတွေကတော့ ငွေတောင်းတာ အကြမ်းဆုံးပဲ။ သိန်း ၁၀၀၀ အရောင်း အဝယ်ဖြစ်ရင် ၁၀ သိန်းကျော်အထိတောင်းတယ်”ဟု ပြောသည်။
လက်ရှိ မြိတ်မြို့ပေါ်ရှိ မြိတ်တောင်နယ်မြေ၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာအုပ်စုနှင့် ရေပုံး နယ်မြေတို့တွင် အိမ်ယာခြံမြေများကို အကွက်ဖေါ်ရောင်းချမှုများလာသလို အချို့ရပ်ကွက်များတွင် မြေယာဈေးနှုန်းသည် တစ်ကွက်လျှင် ကျပ်သိန်း ၁,၀၀၀ မှ သိန်းသောင်းဂဏန်းကျော်အထိ ဈေးပေါက်နေ ကြောင်း သိရသည်။
“အခု မြေကွက်အရောင်းအဝယ်များတဲ့ ကျေးရွာနဲ့ နယ်မြေသုံးခုမှာက ပျူစောထီးတွေ အင်အားကောင်း ပြီး အုပ်ချုပ်ရေးရုံးမှာလည်း အမြဲ တမ်း လက်နက်တွေနဲ့ရှိနေကြတော့ အရောင်းအဝယ်ဖြစ်ရင် ကြောက်ပြီး ပေးနေရတယ်”ဟု ကလွင်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြော သည်။
မြိတ်မြို့နယ် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်တွင် လွန်ခဲ့သော ၃ နှစ်ခန့်က သိသိသာသာကျဆင်းခဲ့ သော်လည်း ယခုနှစ်တွင် ဝယ်ယူသူ ပိုမိုများပြားလာသည့်အတွက် အိမ်ခြံမြေဈေးနှုန်းများ ယခင်ကထက် သုံးဆခန့်မြင့်တက် လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။mizzima