Monthly Archives: Jan 2023

ကျားသစ်နက်စစ်ကြောင်း မွမ်းမံသင်တန်း ဆင်းပွဲ အခမ်းအနားတွင် NUG မှ လက်နက်များပေးအပ်

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၌ ဇန်နဝါရီလ၂၄ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

ယင်း သင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသခွဲ အမှတ်(၃)မှ ဒု-စစ်ဒေသမှူး စောရှားနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်နက်များပေးအပ်ခြင်းနှင့် အမျိုးသားညီ ညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်မှ ပေးပို့သည့် ဂုဏ်ပြုငွေ ၁၀ သိန်းကျပ်ကိုလည်း မွမ်းမံသင်တန်းဆင်းရဲဘော်များကို ပေးအပ်ခဲ့သည်။

ကျားသစ်နက်စစ်ကြောင်း မွမ်းမံသင်တန်းတွင် လက်နက်ကိုင်တွယ် ဖြုတ်တတ်မှုများ၊ ပစ္စတိုပစ်ခတ်စဉ်များ၊ အခြေခံကိုယ်ခံပညာတိုက်ကွက်များ၊ Closed Quarter Battleဖြင့် SQUADအလိုက် လှုပ်ရှားမှုပစ်ခတ်စဉ်များ၊ VIPကာကွယ်မှု၊ သက်တော်စောင့်များ၏ ဗျူဟာများ၊ စစ်ပွဲအတွင်း အရေးပေါ်အခြေအနေများတွင် လူနာသယ်ယူရန် နည်းလမ်းများနှင့် ကြိုးဆင်းပစ်ခတ်စဉ်များ အစရှိသည့်ကို သင်ကြားပေးခဲ့ပြီး သင် တန်းဆင်းပွဲတွင် မွမ်းမံသင်တန်းဆင်းရဲဘော်များမှ သရုပ်ဖော်ပြသခဲ့သည်။

တောင်ပိုင်းစစ်ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော်ဘရာစစ်ကြောင်းနှင့် ဒေါနစစ်ကြောင်းသင်တန်းဆင်းပွဲများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ခဲ့ပြီး လက်နက်များပေးအပ်ခဲ့သည်။mizzima

ရေဖြူတွင် စစ်ကောင်စီသတင်းပေးနှင့်ပျူစောထီးဟု စွပ်စွဲခံရသူ အေးဟန်၊ ခမရ ၄၁၀ တပ်ဝင်းအတွင်း နေထိုင်သော စစ်တပ်ပိုင် မြ ၀တီ သတင်းစာနှင့် MRTV-4 သတင်း ထောက်တို့ ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊ ဇာဒီကျေး ရွာ တွင် စစ်ကောင်စီ သတင်းပေးပျူစောထီးဟု စွပ်စွဲခံရသူ အေးဟန်ကို ပစ် ခတ် ခံ ရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် အေးဟန်ကို ၎င်း၏ အိမ်ခြံ ဝင်းအတွင်းတွင် သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခံရပြီး သေဆုံး သွားခြင်း ဖြစ် ကြောင်း ၊ အေးဟန်သည် စစ်ကောင်စီသတင်းနှင့် ပျူစောထီး ဟုသတ်မှတ် ခံထားရသူဖြစ်ကြောင်း သိရှိရသည်။

“သူ့ကို သေနတ် ကျည် ၄ ချက်နဲ့ ပစ်သတ်သွားတာပါ။ ပထမတစ်ချက် ပစ် တော့ ပြေးတယ် ။နောက်ကထပ်ပြီးလိုက်ပစ်တယ် ထိတော့ မပြေးနိုင်တော့ဘူး။ သူ့ကို ဖမ်းမိတော့ ပါးစပ် ပေါက်ထဲကို တစ်ချက်ပစ်ထည့်ခဲ့တယ်။သူဟာ စစ် ကောင်စီတပ် တွေကိုသတင်းပေးတာတွေလုပ်တယ်။ ရွာမှာက သူက ပျူစော ထီး ခေါင်းဆောင်ပေါ့။သူ့မှာပျူစောထီး တပည့်တွေလည်းအများကြီးရှိတယ်။ သူက မူးယစ်ဆေးဝါးတွေကိုလည်း စစ်တပ်နဲ့ ပေါင်းပြီးရောင်း ဝယ်ပြုလုပ် နေတာတွေရှိတယ်။ သူ့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း သတင်း ပေးဆက်မလုပ်ဖို့ အ ကြိမ်ကြိမ် သတိပေးထားတယ်။ သူက မလိုက်နာလို့ အသတ်ခံရတယ်လို့ သိရတယ်”ဟု ဇာဒီကျေးရွာ ဒေသခံတစ်ဦးကပြောပါသည်။

ထို့ပြင် ဇာဒီကျေရွာအုပ်ချုပ်ရေးမှူးကို လည်း သေနတ်သမား ၆ ဦးက လာ ရောက် ရှာဖွေသော်လည်း မတွေ့သဖြင့် နေအိမ်ကိုလည်း သေနတ် ကျည် သုံး ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ဇာဒီကျေးရွာသို့ ကံပေါက်ဘက်မှ စစ်ကောင်စီ တပ် သားများ ရောက်ရှိလာပြီး စစ်ဆေးမှုများ တင်း ကျပ်စွာပြုလုပ်နေကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မြ၀တီသတင်းစာ နှင့် MRTV -4 သတင်းဌာန၏ သတင်းထောက် လင်းလင်း ထွန်း ကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ည ၃ နာရီတိတိအချိန် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း Spring Dhamma PDF (KL A) က ထုတ်ပြန်ထား သည်။

MRTV – 4 သတင်းထောက်လင်းလင်းထွန်းသည် ကလိန်အောင်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ခမရ ၄၁၀ တပ်ဝန်းအတွင်း မိသားစုနှင့်အတူ နေ ထိုင်ကာ စစ် တပ် အာဏာ မသိမ်းခင် ကတည်းက မြဝတီသတင်း စာတိုက်တွင် သတင်း ထောက်အဖြစ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ် ကောင်စီမှ ပြုလုပ်သည့် အခမ်းအနားပွဲများ အကြောင်းကို သတင်းရေး သားကာ မြဝတီသတင်းစာတိုက် သို့ပေးပို့နေသူဖြစ်ကြောင်း၊ ၎င်းသည် မြဝတီသတင်းစာတွင် ကုတ်နံပါတ် ၄၁၂ ဖြင့် သတင်းများရေးသား နေသူ ဖြစ် ကြောင်း သိရှိရသည်။

ပစ်ခတ်မှုကို ကလိန်အောက်အခြေစိုက်(Spring Dhamma PDF KLA) ပြည် သူ့ ကာကွယ် ရေး တပ်ဖွဲ့နှင့် ထားဝယ် ခရိုင် ပြည်သူ့ ကာကွယ် ရေး တပ်ဦး (DDPDF) တပ်ဖွဲ့တို့ပူးပေါင်းကာ ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

ဖြူးမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့၊ ပဲခူးလမ်းမှာနေထိုင်တဲ့ ပျူစောထီးခေါင်းဆောင်  တဦးကို ဇန်နဝါရီ ၂၅ ရက် ဒီနေ့ မနက် ၄ နာရီခွဲလောက်မှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဖြူး ပ.က.ဖ တာဝန်ခံ ဗိုလ်ထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။

ပျူစောထီးခေါင်းဆောင်ကို မျိုးဇော်ဦးကို  ပေါက်ဇလုပ်ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ အစ်ကိုတော်စပ်သူ ခိုင်စိုးရဲ့နေအိမ်မှာ သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“သူက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ အကျိုးတူပူးပေါင်းပြီး ၁ လုံး၊ ၂ လုံး၊ ၃ လုံး လောင်းကစားဒိုင်ချုပ်အဖြစ် လုပ်ကိုင်ကာ စစ်အုပ်စုတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေလို့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် သွားရောက်ရှင်းလင်းခဲ့တာ”လို့ ဗိုလ်ထိန်လင်းက ပြောပါတယ်။

ဖြူးမြို့နယ် ပ.က.ဖ အနေနဲ့ ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒလန်တွေနဲ့ လောင်းကစားသမားတွေကို ကြေညာချက် ထုတ်ပြန်ထားတဲ့အတိုင်း လုံးဝသက်ညှာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဖြူးမြို့နယ်မှာ ဇန်နဝါရီ ၁၈ ရက် ညပိုင်းကလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ဖြူးပ.က.ဖ က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ Non CDM ဘဏ်ဝန်ထမ်းတယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။ DVB

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေ သခံနေအိမ်များကို မီးရှို့ဖျက်ဆီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာအုပ်စု၊ ကညင်အိုင်ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံနေအိမ်နဲ့ တဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကေအန်ယူ သထုံခရိုင်က ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ ဇန်နဝါရီ ၂၄ ရက်က ကညင်အိုင်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသ ခံ ဦးလှိုင်ဝင်းရဲ့ နေအိမ်နဲ့ တဲ ၂ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တာပါ။

ဒေသခံတွေ နေအိမ်တွေကို တိုက်ပွဲမရှိဘဲ မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၂၀၇ တပ်ရင်း ဖြစ်တယ်လို့ ကေအန်ယူက ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ကြောင်းဟာ ဝင်းဒက်ကွင်းနဲ့ ကျောက်မိုင်းတွေဘက်မှာ ဝင်ရောက် တပ်စွဲထားတဲ့အတွက် နှစ်ဖက် စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝင်းကံ၊ ဇီးပြောင်း၊ ပျဉ်းကတိုးကုန်း၊ ခရွဲကျေးရွာအုပ်စုက ဒေသခံ ၃,၈၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် ဇန်နဝါရီ ၁ ရက်ကနေ ၂၃ ရက်အထိ အရပ် သား ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရှိထားတယ်လို့ ကေအန်ယူ သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။ DVB

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် နေ အိမ်ချိပ်ပိတ်ပြီး အမျိုးသမီး ၂ ဦးပါ ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ၌ ဇန်နဝါရီလ ၂၄ ရက် နေ့ ညနေ ၃ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်နှင့် ရွာခံပျူစောထီးအဖွဲ့က နေအိမ်တစ်လုံးကိုဝင် ရောက်ရှာဖွေကာချိပ်ပိတ်ခဲ့ပြီး အမျိုးသမီးနှစ်ဦးကိုလည်းဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။

ချိပ်ပိတ်ခံရသည့်နေအိမ်မှာ ကျောက်နီမော်ရွာမှ ဦးဇော်ဦးဆိုသူ၏နေအိမ်ဖြစ်ပြီး ၎င်းသည် ရေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ စစ်ကောင်စီကအာဏာသိမ်းပြီးနောက် နေအိမ်၌နေထိုင်ခြင်းမရှိဟုဒေသခံ များထံမှ သိရသည်။

ကျောက်နီမော်ရွာခံတစ်ဦးက “အင်အား ၁၀ ယောက်ကျော်နဲ့လာပြီး ချိပ်ပိတ်သွားတာပါ။ စာကပ်ထားတဲ့ အထဲမှာတော့ PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ရေးထားတာတွေ့ရတယ်”ဟု ပြော သည်။

ယင်းနေအိမ်ကို ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်ဆိုသူက စစ်ကောင်စီတပ်သားများနှင့်အတူလာ ရောက်ချိပ်ပိတ်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ နေအိမ်ချိပ်ပိတ်ခံရမှုကြောင့် အမျိုးသမီးနှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း ရွာခံများ၏ ပြောဆိုချက် အရ သိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးနှစ်ဦးအနက် အသက်(၄၇)နှစ်အရွယ် အမျိုးသမီးမှာ ဦးဇော်ဦး၏အစ်မဝမ်းကွဲ တော်စပ်သူဖြစ်ပြီး နောက်တစ်ဦးမှာ အိမ်နီးချင်း အသက် ၂၀ အရွယ် မအိအိဖြိုးဖြစ်ကြောင်း ရွာခံများက ပြောသည်။

အလာတူ ထားဝယ်မြို့ ရှမ်းမလည်ဆွဲရပ်ကွက်မှ တက်ကြွလှုပ်ရှားသူ ကိုတက်တိုးအောင်၏ နေအိမ်နှင့် မြေကွက်ကိုလည်း ယခု ဇန်နဝါရီလအတွင်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့သည်။ mizzima

အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော်က ပံ့ပိုးကူညီနေ

ကုလသမဂ္ဂအပါအဝင် နိုင်ငံပေါင်းစုံအစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းပေါင်း ၆၀ ကျော်တို့က မြန်မာနိုင်ငံက တရားမဝင် စစ်အုပ်စုကို ပံ့ပိုးကူညီမှုတွေ ပေးနေကြတယ်လို့ Justice For Myanmar အဖွဲ့က ကြေညာပါတယ်။

“အာဏာရှင်စနစ်တရပ် ဖော်ဆောင်ခြင်း- အစိုးရများနှင့်နိုင်ငံတကာအဖွဲ့အစည်းများက တရားမဝင် မြန်မာ စစ်အုပ်စုကို ပံ့ပိုးမှုပုံစံများနှင့် ရပ် တန့်အောင် လုပ်ဆောင်ရမည့်အရာများ” အမည်နဲ့ အဆိုပါအစီရင် ခံစာထဲမှာတော့ စစ်အုပ်စုကို ပံ့ပိုးကူညီနေတဲ့ အဖွဲ့အစည်းတွေနဲ့ သူတို့ပေးခဲ့တဲ့ ပံ့ပိုးမှုပုံစံတွေကို အသေးစိတ် ဖော်ပြထားတာပါ။

အဲဒီထဲမှာ နိုင်ငံတကာအစိုးရ ၂၀၊ ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့ အပါအဝင် နိုင်ငံ တကာအစိုးရအဖွဲ့အစည်း ၂၆ ဖွဲ့၊ နိုင်ငံတကာငွေရေးကြေး ရေးအဖွဲ့အစည်း ၈ ဖွဲ့နဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်း ၈ ဖွဲ့တို့ ပတ်သက်ဆက်နွှယ်နေတဲ့အကြောင်း မြန်မာစစ်အုပ်စုကို အဓိက အထောက်အပံ့ပေးနေတဲ့ အမျိုးအစားတွေကိုတော့ ၄ မျိုးသတ်မှတ် ဖော်ပြထားပါတယ်။

ထောက်ပံ့မှုအမျိုးအစားတွေကတော့ စစ်အုပ်စုကို နိုင်ငံတကာဖိုရမ်တွေမှာ မြန်မာနိုင်ငံကိုယ်စား ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ့် သံတမန် ဆက်ဆံရေးနဲ့ လုပ်ဆောင်ချက်တွေကတဆင့် တရားဝင်မှုရရှိစေတဲ့ နိုင်ငံရေးဆိုင်ရာ ပံ့ပိုးကူညီမှု၊ စစ်အုပ်စုနဲ့ သူရဲ့အကျိုးစီးပွားအတွက် ထမ်းဆောင်ပေးနေသူတွေဆီ အသိပညာနဲ့ ကျွမ်းကျင်မှုတွေ လွှဲပြောင်းပေးနိုင်တဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်ပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးရေးအစီအစဥ်တွေ၊ ချေးငွေထုတ်ပေးမှုတွေ၊ တိုက်ရိုက်ဝယ်ယူမှုတွေ၊ ဒါမှမဟုတ် စစ်အုပ်စုထိန်းချုပ်မှုအောက်က ကုမ္ပဏီတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ သွယ်ဝိုက်ပြီး စီးပွားပူးပေါင်းလုပ်ဆောင်တာတွေ၊ ဒါ့အပြင် စစ်အုပ်စုအတွက် ဘဏ္ဍာရေးနဲ့ မဟာဗျူဟာအရ ထောက်ပံ့ပေးမယ့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကတဆင့် ငွေကြေးပံ့ပိုးမှုတွေနဲ့ စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ် ငန်းတွေက ဟိုတယ်ခန်းတွေ၊ ရုံးခန်းတွေနဲ့ အိမ်ရာတွေ ငှားရမ်းတာတွေ ပါဝင်ပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခုချိန်ထိ နိုင်ငံတကာ အသိုင်းအဝိုင်းအများစုက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အထောက်အကူ ဖြစ်စေတဲ့ ရန်ပုံငွေနဲ့ အရင်းအမြစ်တွေ စီးဆင်းမှုကို အဆုံးသတ်ဖို့ နည်းနည်းလေးပဲလုပ်ထားတာ ဒါမှမဟုတ် လုံးဝ လုပ်ဆောင်မှုမရှိတာကို တွေ့ရပါတယ်။ အခုချိန်မှာ နိုင်ငံခြားအစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့က မြန်မာပြည်သူတွေကို ကူညီဖို့ လျစ်လျူရှုထားရုံသာမကဘဲ၊ မြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာနဲ့ ဖိနှိပ်နေတဲ့ စစ်အုပ်စုကို တက်တက်ကြွကြွ ပံ့ပိုးကူညီနေတယ်ဆိုတာက ထင်ရှားပါတယ်။ နိုင်ငံတကာအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ စစ်အာဏာရှင်တွေကို ဖိတ်ကြားတာကနေ စစ်ဘက်ဆိုင်ရာအရာရှိတွေကို လေ့ကျင့်ပေးတာနဲ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ ဟိုတယ်တွေမှာ ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲနေတာ တွေအဆုံး စစ်အုပ်စုအတွက် ပံ့ပိုးကူညီမှုပုံစံအားလုံးဟာ လက်ခံနိုင်စရာ မရှိပါဘူး” လို့ ပြောပါတယ်။

အစီရင်ခံစာထဲမှာတော့ မြန်မာစစ်အုပ်စုအတွက် နိုင်ငံရေးဆိုင်ရာ ပံ့ပိုးမှုတွေကို တရုတ်နဲ့ ရုရှားနိုင်ငံတွေဆီက သိသိသာသာ ထင်ထင်ရှားရှား တိုးမြှင့်ရရှိခဲ့ပြီး ဂျပန်နဲ့ အိန္ဒိယနိုင်ငံတွေကတော့ စစ်အုပ်စုကို အရေးပါတဲ့ ပံ့ပိုးသူတွေအဖြစ် ထွက်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးနေတဲ့ ပုံစံ အားလုံးကို ရပ်တန့်ပြီး ချက်ချင်းအရေးယူရေးနဲ့ ပတ်သက်ပြီးတော့လည်း မရတနာမောင်က “မြန်မာစစ်တပ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ရမှာ ဖြစ်ပြီး၊ စစ်အုပ်စု၊ သူရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အပေါင်းအပါတွေအပေါ် ကမ္ဘာလုံးဆိုင်ရာနဲ့ နိုင်ငံချင်းအလိုက် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ် ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားအစိုးရအားလုံးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးအနေနဲ့ စစ်အုပ်စုအတွက် ပံ့ပိုးမှုပုံစံ အားလုံးကို ရပ် တန့်ဖို့ ချက်ချင်းအရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။” လို့ ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာစစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှအပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက် ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ DVB

တနင်္သာရီတိုက်ပွဲတွင် PDF က ဒရုန်းဖြင့်ဗုံး ကြဲ၍ စစ်ကောင်စီတပ် အထိနာ

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့က ပထမဆုံးအကြိမ် အဖြစ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် အထိနာသွားသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အရပ်သား တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ကိုးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင် များက ပြောသည်။

အဆိုပါတိုက်ပွဲကို တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့၊ PDF တပ်မတော်၊ ဘက်မလိုက်ပြောက်ကျား၊ နှင့် ကာကွယ်ရေးပြောက်ကျားတို့ပူးပေါင်းကာ ဇန်နဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် နှစ်ရက်ဆက် တိုက်တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု PDF ရဲဘော်များထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက “ပထမရက်မှာ တနင်္သာရီမြို့က အမြောက်တပ် (၃၀၆)ကို လက်နက်ကြီးနဲ့သွားပစ်တယ်၊ နောက်ရက်ကျတော့ မြို့ထဲက စစ်တပ်ခြေကုတ်ယူထားတဲ့ နေရာတွေကို ဒရုန်းနဲ့ပစ်တယ်”ဟု ပြောသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တနင်္သာရီမြို့နယ် မော်တုန်းရွာရှိ အမြောက်တပ် (၃၀၆) ကို ပူးပေါင်းတပ်ဖွဲ့ က ၄၀ မမဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ ဘန်းလမွတ်ကျေးရွာရှိ အရပ်သားလေးဦး ထိခိုက်ခဲ့ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း တနင်္သာရီမြို့နယ် ကမ္မလိုင်းရွာကို တိုက်ခိုက်ခဲ့သည့်အပြင် တနင်္သာရီတံတားရှိ စစ်ဆေးရေးဂိတ်၊ စရဖရုံး၊ လ၀ကရုံးနှင့် ဗောဓိကမ်းတံတားရှိ စစ်ရေးဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း PDF ရဲဘော်များထံမှ သိရသည်။

၎င်းတို့ခြေကုတ်ယူထားသည့် နေရာများတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ မြို့ပေါ်တွင်အရပ် သားလေးဦးထိခိုက်ဒဏ်ရာရခဲ့သလို မော်တုန်းကျေးရွာတွင်လည်း အရပ်သားသုံးဦးထိခိုက်ခဲ့ကြောင်း သိရသည်။

“အရပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရတယ်၊ ညက အသက်ကြီးပိုင်း အမျိုးသမီး တစ်ယောက်တော့ ဆုံးသွားပြီလို့သိရတယ်” ဟု တနင်္သာရီမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်ဝန်းကျင်၌ စစ်ရေးတင်းမာလျက်ရှိနေပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ခြင်းကြောင့် ပြည်သူများအနေဖြင့် ညဖက်၌ ခရီးသွားလာခြင်းမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက သတိပေးစာထုတ်ပြန်ထား သည်။ mizzima

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦးနှင့် အထက် သေ ဆုံးပြီး ပြည်သူများ၏ နေအိမ်များကို စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်သောကြောင့် မီးလောင်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်တပ်ဘက် မှ ၄၀ ဦးနှင့်အထက်သေဆုံးပြီး ပြည်သူများ၏ နေအိမ်များကို စစ်တပ်က မီး တင် ရှို့ခဲ့ကြောင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းက တရား ဝင် သတင်းထုတ်ပြန်သည်။

ကော်သူလေး တပ်မတော် KTL Army ၏ ဗျူဟာမှူးဗိုလ်အယ်စေးဝါး ဦးဆောင် သော Lion Battalion Commando – ဗျူဟာစစ်ကြောင်း နှင့် အခြား သော ပူး ပေါင်း မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာ တိုက်ပွဲ များ ပြင်းထန်လျက်ရှိပြီး ယနေ့တွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း စစ်ကူ Mi 35 ရဟတ်ယာဥ် အမျိုးအစားများအသုံးပြု၍ ပစ်ခတ်တိုက် ခိုက် လျက် ရှိ ကြောင်း ၊ လွန်ခဲ့သော ၃ ရက်ခန့်မှစတင်၍ နေ့စဉ် ဖြစ်ပွားနေသော တိုက်ပွဲ များ အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ သေ ဆုံးသူ‌ စစ်သား ၄၀ ဦး နှင့် အထက်ရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကာ ကရင် ပြည် နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့အနီးရှိ ကမ်းနီ ၊ မိဂလုံ ၊ ကော့ဘိန်း အစရှိ သည့်ကျေးရွာများတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးများက ပြည်သူများ၏ နေအိမ်များ အ ပေါ်သို့ကျရောက်ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးလျက်ရှိကြောင်း၊‌ ဒေသပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။ khit thit

ရေစကြိုနှင့် ဒီပဲယင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံးသူများပြား

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇန်နဝါရီ ၂၄ ရက်က စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ရေစကြို ပ.က.ဖ ကနေ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ကံသစ်ရွာတောင်ဘက် ထန်းတဲထဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား ၁၂ ယောက်လောက်ကို ဒီဇင်ဘာ ၂၄ ရက် မ နက်ပိုင်းမှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံး၊ မွန်းလွဲ ၂ နာရီလောက်မှာ ၁ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း မနေ့က ညနေ  ၃ နာရီလောက်မှာ နောက်ထပ် အီနာဂါဗုံးသီးတလုံး ဖြုတ်ချတိုက် ခိုက်ခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး အတိအကျ သိရှိနိုင်အောင် ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ကံသစ်ကျေးရွာမှာ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က သေနတ်နဲ့ ပစ် ခတ်ရှင်းလင်းပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုးလာသလို ကင်းပုန်းတွေပါ ချထားတာလို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

ရေစကြိုမြို့မှာ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းကလည်း ဆိုင်ကယ် ၂ စီးနဲ့ လှည့်လည်သွားလာနေတဲ့ စစ်ကောင်စီတပ်သား ၄ ယောက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြို ပ.က.ဖ ကနေ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ချောင်းပေါက်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၂၄ ရက် မနက် ၁၀ နာရီမှာ ဒေသတွင်း တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ရာ စစ်ကောင်စီစစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးတယ်လို့ Khin U local Guerrilla Force (KUGF) အဖွဲ့က ထုတ်ပြန်ပါတယ်။

Khin U Local Guerrilla Force (KUGF) အဖွဲ့တာဝန်ရှိသူတဦးက “တိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေ ၁၀ ကောင်လောက်သေနိုင်ပြီး ထိ ခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ခိုင်လုံတဲ့ သတင်းရရှိခဲ့တယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ရွှေဘိုခရိုင်တပ်ရင်း-၉၊ ရွှေဘိုခရိုင်တပ်ရင်း-၂၁၊ Red Dragon Defence Of Force၊ ၅/မဟူရာကျွဲရိုင်း၊ ဒေသတွင်း မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Khin U Local Guerrilla Force (KUGF) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေ အတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

« Older Entries