တနင်္သာရီတိုက်ပွဲတွင် PDF က ဒရုန်းဖြင့်ဗုံး ကြဲ၍ စစ်ကောင်စီတပ် အထိနာ

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့က ပထမဆုံးအကြိမ် အဖြစ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် အထိနာသွားသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အရပ်သား တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး ကိုးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင် များက ပြောသည်။
အဆိုပါတိုက်ပွဲကို တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့၊ PDF တပ်မတော်၊ ဘက်မလိုက်ပြောက်ကျား၊ နှင့် ကာကွယ်ရေးပြောက်ကျားတို့ပူးပေါင်းကာ ဇန်နဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် နှစ်ရက်ဆက် တိုက်တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု PDF ရဲဘော်များထံမှ သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက “ပထမရက်မှာ တနင်္သာရီမြို့က အမြောက်တပ် (၃၀၆)ကို လက်နက်ကြီးနဲ့သွားပစ်တယ်၊ နောက်ရက်ကျတော့ မြို့ထဲက စစ်တပ်ခြေကုတ်ယူထားတဲ့ နေရာတွေကို ဒရုန်းနဲ့ပစ်တယ်”ဟု ပြောသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တနင်္သာရီမြို့နယ် မော်တုန်းရွာရှိ အမြောက်တပ် (၃၀၆) ကို ပူးပေါင်းတပ်ဖွဲ့ က ၄၀ မမဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ ဘန်းလမွတ်ကျေးရွာရှိ အရပ်သားလေးဦး ထိခိုက်ခဲ့ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း တနင်္သာရီမြို့နယ် ကမ္မလိုင်းရွာကို တိုက်ခိုက်ခဲ့သည့်အပြင် တနင်္သာရီတံတားရှိ စစ်ဆေးရေးဂိတ်၊ စရဖရုံး၊ လ၀ကရုံးနှင့် ဗောဓိကမ်းတံတားရှိ စစ်ရေးဂိတ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း PDF ရဲဘော်များထံမှ သိရသည်။
၎င်းတို့ခြေကုတ်ယူထားသည့် နေရာများတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ မြို့ပေါ်တွင်အရပ် သားလေးဦးထိခိုက်ဒဏ်ရာရခဲ့သလို မော်တုန်းကျေးရွာတွင်လည်း အရပ်သားသုံးဦးထိခိုက်ခဲ့ကြောင်း သိရသည်။
“အရပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရတယ်၊ ညက အသက်ကြီးပိုင်း အမျိုးသမီး တစ်ယောက်တော့ ဆုံးသွားပြီလို့သိရတယ်” ဟု တနင်္သာရီမြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် တနင်္သာရီမြို့နယ်ဝန်းကျင်၌ စစ်ရေးတင်းမာလျက်ရှိနေပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ခြင်းကြောင့် ပြည်သူများအနေဖြင့် ညဖက်၌ ခရီးသွားလာခြင်းမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက သတိပေးစာထုတ်ပြန်ထား သည်။ mizzima