ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း ပလက်ဝ-ဇိုရမ်ပူ ကားလမ်း ကုမ္ပဏီ ၆ ခုဖြင့် ပြန်လည်ဖောက်လုပ်နေ

အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်း၏ နောက်ဆုံးအပိုင်း ပလက်ဝ-ဇိုရမ်ပူရ်လမ်းပိုင်း ဖောက်လုပ်မှုစီမံကိန်းကို တင်ဒါအောင်ထားသည့် ကုမ္ပဏီ ခြောက်ခုဖြင့် စတင်ဖောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်း ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း ပလက်ဝ-ဇိုရမ်ပူကားလမ်းသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆိပ်ခံတံတားမှ အိန္ဒိယနိုင်ငံ နယ်နိမိတ်အထိ ၁၀၉ ကီလိုမီတာ ရှည်လျားပြီး လမ်းအကျယ်မှာ၂၇ ပေရှိသည်။စီမံကိန်းကိုပြီးခဲ့သည့် ၂၀၂၀ခုနှစ်က တိုက်ပွဲများကြောင့် ရပ်ဆိုင်းထားခဲ့ရာမှ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ပြန်လည်စတင်ဆောက်ရွက်နေခြင်းဖြစ်သည်။
အဆိုပါကားလမ်းဖောက်ရန်အတွက် အိန္ဒိယကုမ္ပဏီ IRCON International Ltd. က မြန်မာကုမ္ပဏီများကို တင်ဒါခေါ်ထားပြီး တင်ဒါရရှိထားသည့် K & DL ကုမ္ပဏီ၊ Su Htoon San ကုမ္ပဏီ၊ Shwe Mann ကုမ္ပဏီ၊ Future Creator Group Constructionကုမ္ပဏီ၊ Htet Shine Linn ကုမ္ပဏီ၊ Caladan Consortium Group ကုမ္ပဏီ တို့မှတင်ဒါအောင်မြင်ပြီး ပလက်ဝ-ဇိုရမ်ပူ ကားလမ်းဖောက်လုပ်ရေးစီမံကိန်းကို ငါးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။
“ပလက်ဝ-ဇိုရမ်ပူ ကားလမ်းပြန်ဖောက်နေတာနဲ့ပတ်သက်ပြီး ဘာမှမှတ်ချက်ပေးစရာမရှိပါဘူး။ ပြည်သူတွေအတွက် လိုအပ်လို့ ဖောက်တယ်ဆိုလည်း ကောင်းပါတယ်။ ခုလိုချိန်မှာ ပြည်သူတွေရဲ့ သဘောထားမပါဘဲ လုပ်မယ်ဆိုရင်တော့ နောက်ဆက်တွဲဖြစ်လာတဲ့ ပြဿနာက လုပ်တဲ့သူဘဲ တာဝန်ခံရမှာပဲ။ အရင် အစိုးရတုန်းက ပြည်သူတွေ သဘောမတူရင် ညှိနှိုင်းပြီး ထိုက်သင့်တဲ့နစ်နာကြေးပေးပြီး ဖောက်လုပ်ရတာလေ။ အခုအာဏာရှင်လက်ထက် အာဏာရှင်ဆန်ဆန်လုပ်ရင် လုပ်တဲ့သူမှာ တာဝန်ရှိပါတယ်။’’ဟုပလက်ဝဒေသခံတစ်ဦးက ပြောသည်။
သည့်အပြင် လမ်းဖောက်လုပ်ရာတွင် ယခင်က ဒေသခံများနှင့်ညှိနှိုင်းထားသည့်အတိုင်းမဖောက်လုပ်ဘဲ လမ်းအူကြောင်းများပြောင်းပြီး ထင်ရာစိုင်းဖောက်လုပ်သွားမှာကိုလည်း စိုးရိမ်မိတယ်လို့လည်း’’လည်းကောင်းကဆိုသည်။
ယခုလမ်းဖောက်လုပ်ခွင့်ရရှိထားသည့် အိန္ဒိယကုမ္ပဏီ IRCON International Ltd သည် အိန္ဒိယအစိုးရက ရှယ်ယာ ၇၃.၁၈ ရာခိုင်နှုန်း ထည့်ဝင်ထားပြီး အိန္ဒိယမီးရထားဝန်ကြီးဌာနက ရာနှုန်းပြည့်ပိုင်ဆိုင်ထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ mizzima