ရေဖြူမြို့ ကလိန်အောင်မှာ စစ်တပ်ပိုင် မြ၀တီသတင်းထောက်ဆိုသူ ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့၌ စစ်ကောင်စီတပ်က တရားဝင်ခန့်အပ်ထားသည့် စစ်တပ်ပိုင် မြ၀တီ သ တင်းစာတွင် သတင်းရေးသားနေသော သတင်းထောက် ဆိုသူ တစ်ဦး ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၃ နာရီခန့် အချိန် ပြည်သူ့ ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် PDF တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပစ်သတ်ခံရသူ မြ၀တီသတင်းထောက် ကိုလင်းလင်းထွန်း သည် ယခင်က မြိတ်မြို့တွင် နေထိုင်သူ တစ်ဦး ဖြစ်ကာ လွန်ခဲ့သော ငါးနှစ်ခန့်က ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်က တာဝန်ပေးချက် အရ မြ၀တီ သတင်းစာအတွက် သတင်းရေးသားရန် ရောက်ရှိနေထိုင်သူ တစ်ဦးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။
ကလိန်အောင်မြို့ ဒေသခံ တစ်ဦးက “မနေ့က ညနေပိုင်းမှာ ဘော်ခုံ (ဘိလိယက်ခုံ) မှာ ပစ်သတ်ခံ လိုက်ရတာပါ၊ သူက အဲ့မှာ အမြဲတမ်း လာဆော့နေတာ ဖြစ်တယ်”ဟု ပြောသည်။
စစ်တပ်ပိုင် မြ၀တီ သတင်းထောက် ကိုလင်းလင်းထွန်းအား ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ ဇင်းဘာလမ်းရှိ ဆောက်လုပ်ရေးရုံး အနီး ဘော်ခုံ (ဘိလိယက်ခုံ) တွင် လာရောက် ဆော့ကစားနေစဉ်အတွင်း ထားဝယ်ခရိုင်တပ်ဦး (DDPDF) နှင့် ကလိန်အောင်မြို့ အခြေစိုက် (KLA) တို့က ပူးပေါင်းရှင်းလင်းခဲ့ကြောင်း KLA အဖွဲ့မှ ထုတ်ပြန်ထားသည်။
ပစ်ခတ် ရှင်းလင်းခံရသည့် ကိုလင်းလင်းထွန်း ဆိုသူသည် လက်ရှိတွင် မြ၀တီ သတင်းစာတွင် စစ်ကောင်စီတပ်က ခန့်ထားသည့် ကိုယ်ပိုင် ကုတ်နံပါတ် – – – ဖြင့် စစ်ကောင်စီရဲ့ လှုပ်ရှားမှု သတင်းများကို ရေးသားနေသလို ကလိန်အောင်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဌာနတွင်လည်း စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများ၏ အခမ်းအနားနှင့် လှုပ်ရှားမှု သတင်းများကို အများဆုံး ရေးသားကာ မြန်မာ့အလင်း၊ ကြေးမှုံ၊ MR TV နှင့် စစ်ကောင်စီထုတ် သတင်းစာများတွင် ပေးပို့နေသူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုအပြင် ကိုလင်းလင်းထွန်းသည် စစ်ကောင်စီတပ် သတင်းပေးဟု သတင်းများ ထွက်ပေါ်နေ၍ ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်း လင်းခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ကိုလင်းလင်းထွန်းသည် ဘိလိယက်ခုံတွင် သတင်းစုံစမ်းကာ စစ်ကောင်စီ တပ်ဆီသို့ သတင်းပေးပို့နေသူ ဖြစ်၍ ပစ်ခတ် ရှင်းလင်းခဲ့သည်ဟု ထားဝယ်ခရိုင် တပ်ဦး (DDPDF) နှင့် ကလိန်အောင်မြို့ အခြေစိုက် (KLA) တို့၏ ထုတ်ပြန်တွင် ရေးသား ဖော်ပြထားသည်။
လက်ရှိတွင် ၎င်းသည် ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်တွင် မိသားစုနှင့် အတူ နေထိုင်သည့် လူလတ်ပိုင်းအရွယ်ဖြစ်ပြီး ခြေမြန်တပ်ရင်း(၄၁၀) စစ်သင်တန်းဆင်းထားသူ တစ်ဦးလည်းဖြစ်ကြောင်း သူနှင့် နီးစပ်သူများထံမှ သိရသည်။
“သူ့မိဘတွေက စစ်တပ် အသိုင်းအဝိုင်းကလို့ သိရတယ်၊ သူကတော့ အရပ်သားပုံစံမျိုးနဲ့ သတင်းထောက်လုပ်နေတာ ဖြစ်တယ်”လို့ ကလိန်အောင် ဒေသခံ တစ်ဦးက ပြောသည်။
ယင်းပစ်ခတ်မှုပြီးနောက် သေဆုံးသူအလောင်းကို အရေးပေါ်လူနာတင် ယာဥ်ဖြင့် ကံပေါက်ဒေသရှိ မောရဝတီရေတပ်ကို လာပို့သွားပြီး စစ်ကောင်စီတပ်နှင့် ရဲတပ်သားများက အခင်းဖြစ်ပွားရာသို့ လာရောက်ကာ စစ်ဆေးပြီး သေနတ်များ ပစ်ဖောက်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ mizzima