လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် နေ အိမ်ချိပ်ပိတ်ပြီး အမျိုးသမီး ၂ ဦးပါ ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ၌ ဇန်နဝါရီလ ၂၄ ရက် နေ့ ညနေ ၃ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်နှင့် ရွာခံပျူစောထီးအဖွဲ့က နေအိမ်တစ်လုံးကိုဝင် ရောက်ရှာဖွေကာချိပ်ပိတ်ခဲ့ပြီး အမျိုးသမီးနှစ်ဦးကိုလည်းဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။
ချိပ်ပိတ်ခံရသည့်နေအိမ်မှာ ကျောက်နီမော်ရွာမှ ဦးဇော်ဦးဆိုသူ၏နေအိမ်ဖြစ်ပြီး ၎င်းသည် ရေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ စစ်ကောင်စီကအာဏာသိမ်းပြီးနောက် နေအိမ်၌နေထိုင်ခြင်းမရှိဟုဒေသခံ များထံမှ သိရသည်။
ကျောက်နီမော်ရွာခံတစ်ဦးက “အင်အား ၁၀ ယောက်ကျော်နဲ့လာပြီး ချိပ်ပိတ်သွားတာပါ။ စာကပ်ထားတဲ့ အထဲမှာတော့ PDF တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ရေးထားတာတွေ့ရတယ်”ဟု ပြော သည်။
ယင်းနေအိမ်ကို ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင်ဆိုသူက စစ်ကောင်စီတပ်သားများနှင့်အတူလာ ရောက်ချိပ်ပိတ်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ နေအိမ်ချိပ်ပိတ်ခံရမှုကြောင့် အမျိုးသမီးနှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း ရွာခံများ၏ ပြောဆိုချက် အရ သိရသည်။
ဖမ်းဆီးခံရသည့် အမျိုးသမီးနှစ်ဦးအနက် အသက်(၄၇)နှစ်အရွယ် အမျိုးသမီးမှာ ဦးဇော်ဦး၏အစ်မဝမ်းကွဲ တော်စပ်သူဖြစ်ပြီး နောက်တစ်ဦးမှာ အိမ်နီးချင်း အသက် ၂၀ အရွယ် မအိအိဖြိုးဖြစ်ကြောင်း ရွာခံများက ပြောသည်။
အလာတူ ထားဝယ်မြို့ ရှမ်းမလည်ဆွဲရပ်ကွက်မှ တက်ကြွလှုပ်ရှားသူ ကိုတက်တိုးအောင်၏ နေအိမ်နှင့် မြေကွက်ကိုလည်း ယခု ဇန်နဝါရီလအတွင်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့သည်။ mizzima