မြန်မာနိုင်ငံသည် သတင်းသမားများအတွက် အန္တရာယ်အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီး ထောင်ချထားသည့် သတင်းထောက် ၄၂ ဦး ရှိကြောင်း သတင်းသမားများ ကာကွယ်ပေးရေး ကော်မတီ CPJ အရ သိရသည်။
ထိုအတွက် မြန်မာနိုင်ငံသည် အီရန် (သတင်းထောက် ၆၂ ဦး ထောင်ချခံရ)နှင့် တရုတ် (၄၃ ဦး) တို့ပြီးလျှင် တတိယမြောက်နေရာတွင် ရှိနေသည်ဟု CPJ ၏ ၂၀၂၂ အတွင်း သတင်းမီဒီယာများအား တိုက်ခိုက်ခံရမှု နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြသည်။
“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး သတင်းဖော်ပြတာတွေကို နှိမ်နင်းဖြိုခွင်းတဲ့ ၂၀၂၁ ကတော့ သတင်းသမားတွေကို ထောင်ချရာမှာ ကမ္ဘာ့ဒုတိယအဆိုးဆုံး ဖြစ်ခဲ့တာပါ”ဟု ယင်းအုပ်စုက ရေးသားသည်။
ထိုသို့ ဖမ်းဆီးထောင်ချခံရသူများတွင် ဆူပူအောင် သွေးထိုးလှုံ့ဆော်မှုဖြင့် ထောင်ဒဏ် သုံးနှစ် ချခံရသော ကိုစည်သူအောင်မြင့်ကဲ့သို့ အလွတ်တန်းသတင်းသမားများလည်း ပါဝင်သည်။ စစ်အာဏာသိမ်းအုပ်စုက “၂၀၂၁ ခုနှစ် ဒီမိုကရေစီကို အဆုံးသတ်လိုက်သည့် အာဏာသိမ်းပြီးနောက် လွတ်လပ်သည့် သတင်းတင်ဆက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် နှိပ်ကွပ်လာကြောင်း” CPJ ၏ တာဝန်ခံတစ်ဦးက ပြောသည်။
အခြားသော ထောင်ချခံရသည့် သတင်းသမားများတွင် မဇ္ဈိမမှ မငြိမ်းငြိမ်းအေး၊ DVB မှ ကိုအောင်ဆန်းလင်း၊ Myanmar Pressphoto Agency မှ မသူဇာ၊ Ayeyarwaddy Times မှ ကိုမျိုးမင်းထွန်းနှင့် The Irrawaddy မှ ကိုသောင်းဝင်းတို့လည်း ပါဝင်သည်။
ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင် သတင်းထောက်နှစ်ဦး သတ်ဖြတ်ခံရကြောင်း သတင်းဖော်ပြချက်များကို ကိုးကားပြီး ယခု အစီရင်ခံစာတွင် ဖော်ပြသည်။
၂၀၂၂ ဇန်နဝါရီက ချင်းပြည်နယ် မတူပီတွင် Khonumthung Media Group မှ အယ်ဒီတာ Pu Tuidim ကို စစ်သားများက ဖမ်းဆီးခေါ်ဆောင်ပြီး ကွပ်မျက်ခဲ့သည်။ ဆန္ဒပြပွဲများကို ဓာတ်ပုံရိုက်ယူပြီး ဓာတ်ပုံအသင်းတစ်သင်း၏ ဥက္ကဋ္ဌဖြစ်သူ အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုအေးကျော်ကိုလည်း ဇူလိုင် ၃၀ ရက်၌ နေအိမ်တွင် ဖမ်းဆီးသွားခဲ့သည်။ နာရီအတန်ကြာ၌ မိသားစုများအား ကိုအေးကျော် သေဆုံးကြောင်းကို အကြောင်းလာခဲ့သည်။
သတင်းလွတ်လပ်ခွင့်သည် အာဏာသိမ်းမှုအတွက် ဦးစားပေး လေးစားစရာ မဟုတ်ပေ။ ၂၀၁၇ ခုနှစ်အတွင်းကလည်း ရခိုင်တွင် ရိုဟင်ဂျာ ၁၀ ဦးအား သတ်ဖြတ်မှုကို စုံစမ်းထောက်လှမ်းခြင်းအတွက် ရိုက်တာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် ရက်ပေါင်း ၅၁၁ ရက် ထောင်ကျခဲ့သည်။
အာဏာသိမ်းမှုနောက်တွင် သတင်းမီဒီယာနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ပြင်းပြင်းထန်ထန် ဖြိုခွင်းခံရပြီး ဂျာနယ်လစ်အများအပြား ဖမ်းဆီးခံရကာ အမျိုးမျိုးသော ပြစ်မှုများဖြင့် တရားစွဲဆိုခံရသည်။ ၂၀၂၁ ဖေဖော်ဝါရီ၌ အာဏာသိမ်းယူခဲ့သော စစ်ကောင်စီသည် မီဒီယာများကို တင်းကြပ်စွာ ဆင်ဆာဖြတ်တောက်ပြီး အင်တာနက်ကိုလည်း တင်းကြပ်ခဲ့သည်။
ဖမ်းဆီးခံရသည့် သတင်းသမား အများစုကို ထောင်ဒဏ် ငါးနှစ် အများဆုံး ချမှတ်နိုင်သော မတရားအသင်း ဥပဒေဖြင့် တရားစွဲဆိုသည်။ အခြားသော သတင်းသမားများကို ကြီးလေးသည့် ပြစ်ဒဏ် ချမှတ်နိုင်သော အစိုးရလျှို့ဝှက်ဥပဒေနှင့် ဆက်သွယ်ရေးဥပဒေများဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်။
မြန်မာနိုင်ငံက အခြေအနေများသည် နိုင်ငံတကာအတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာပြီး သတင်းသမားများအား ပြန်လွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များနှင့် အစိုးရများက တောင်းဆိုကြသည်။ ထိုသို့ ဖမ်းဆီးမှုများကို ကုလသမဂ္ဂကလည်း ရှုတ်ချကာ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး ချက်ချင်းပြန်လွှတ်ရန် တောင်းဆိုသည်။
မြန်မာနိုင်ငံက သတင်းသမားများသည် စစ်တပ်နှင့် ယင်း၏ မဟာမိတ်များ လက်တွင် နှောင့်ယှက်တိုက်ခိုက်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းနှင့် အကြမ်းဖက်ခံရခြင်းများ ကြုံတွေ့နေရသည်။ သတင်းသမား တော်တော်များများ နိုင်ငံမှ ထွက်ပြေးကြရကာ သတင်းမီဒီယာအချို့ ပိတ်သိမ်းရသည်။
အန္တရာယ်ရှိသော အခြေအနေပင်ဖြစ်လင့်ကစား မြန်မာသတင်းသမား အများစုသည် ပြည်သူသို့ စစ်မှန်ပြီး အရေးပါသော သတင်းများ တင်ဆက်နိုင်ရန် အန္တရာယ်ကြီးသည့်ကြားမှ ဆက်လက်လုပ်ကိုင်နေကြသည်။ ထိုသို့သော သတင်းသမားများကို ကူညီထောက်ပံ့ရန်နှင့် မတရား ဖမ်းဆီးခံရသူများ ပြန်လွတ်ရေးအတွက် ဖိအားပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား CPJ က တောင်းဆိုထားသည်။ mizzima
ထောင်ချခံ သတင်းသမားများမှာ-
အမည် | သတင်းဌာန | ဖမ်းဆီခံရသည့်နေ့ |
ကိုထွန်းသန်းအောင် | Mekong News | မတ် ၂၊ ၂၀၂၂ |
ကိုမင်းမင်းအောင် | အလွတ်တန်း | မတ် ၁၆၊ ၂၀၂၁ |
ကိုသန်းစိုးအောင် | အလွတ်တန်း | မတ် ၇၊ ၂၀၂၂ |
ကိုတိုးအောင် | Mekong News | မတ် ၂၊ ၂၀၂၂ |
မငြိမ်းငြိမ်းအေး(မေဘယ်လ်) | မဇ္ဈိမ | ဇန်နဝါရီ ၁၅၊ ၂၀၂၂ |
မထက်ထက် | Thingangyun Post | စက်တင်ဘာ ၁၁၊ ၂၀၂၁ |
ကိုဇော်ရဲထက်(ကိုဇော်မင်းဦး) | Dae Pyaw | နိုဝင်ဘာ ၁၉၊ ၂၀၂၂ |
ကိုဇော်လင်းထွဋ်(ဖိုးသား) | အလွတ်တန်း | ဒီဇင်ဘာ ၁၉၊ ၂၀၂၁ |
မထက်ထက်ခိုင် | အလွတ်တန်း | ဩဂုတ် ၁၅၊ ၂၀၂၁ |
ကိုသူရိန်ကျော် | Media TOP 4 | ဖေဖော်ဝါရီ ၃၊ ၂၀၂၂ |
ကိုအောင်ဆန်းလင်း | DVB | ဒီဇင်ဘာ ၁၁၊ ၂၀၂၁ |
ကိုကောင်းဆက်လင်း | Myanmar Pressphoto Agency | ဒီဇင်ဘာ ၅၊ ၂၀၂၁ |
ကိုအောင်လွင် | Dawei Watch | ဧပြီ ၈၊ ၂၀၂၂ |
ကိုထွန်းလင်း | မြန်မာ့အလင်း | စက်တင်ဘာ ၂၂၊ ၂၀၂၁ |
ကိုဝေလင်း | Thingangyun Post | စက်တင်ဘာ ၁၁၊ ၂၀၂၁ |
ကိုမောင်မောင်မျိုး | Mekong News | မေ ၁၀၊ ၂၀၂၂ |
ကိုစည်သူအောင်မြင့် | အလွတ်တန်း | ဩဂုတ် ၁၅၊ ၂၀၂၁ |
ကိုနေနော် | Karen Information Center | မတ် ၂၈၊ ၂၀၂၂ |
ကိုဒီမြတ်ငြိမ်း | Zayar Times | ဇွန်၂၆၊ ၂၀၂၁ |
ကိုဟန်သာညိမ်း | Kamayut Media | မတ် ၉၊ ၂၀၂၁ |
ကိုဝင်းနိုင်ဦး | Channel Mandalay | ဩဂုတ် ၃၁၊ ၂၀၂၁ |
ကိုဝင်းဦး | NHP News | နိုဝင်ဘာ ၁၉၊ ၂၀၂၂ |
Lway M Phoung | Shwe Phee Myay News Agency | စက်တင်ဘာ ၂၆၊ ၂၀၂၁ |
ကိုပြည့်ဖြိုးအောင် | Zayar Times | အောက်တိုဘာ ၁၁၊ ၂၀၂၁ |
ကိုတင့်ဆွေ(မင်းဘူး) | Magway Post | မတ် ၂၆၊ ၂၀၂၁ |
ကိုမျိုးစန်းစိုး | Delta News Agency၊ Ayeyarwaddy Times | ဩဂုတ် ၂၉၊ ၂၀၂၁ |
မယဉ်ယဉ်သိမ်း | အလွတ်တန်း | နိုဝင်ဘာ ၁၈၊ ၂၀၂၁ |
မသံလွင်သူ | First Weekly News Journal | ဒီဇင်ဘာ ၂၁၊ ၂၀၂၁ |
မသူဇာ | Myanmar Pressphoto Agency | စက်တင်ဘာ ၁၊ ၂၀၂၁ |
မမှူးရတနာခက်မို့မို့ထွန်း | Myanmar Pressphoto Agency | ဒီဇင်ဘာ ၅၊ ၂၀၂၁ |
ခိုင်မြင့်သူ(ရွှေလင်းသစ်) | အလွတ်တန်း | အောက်တိုဘာ ၂၂၊ ၂၀၂၁ |
ကိုကျော်စွာထွန်း | မဇ္ဈိမ | စက်တင်ဘာ ၈၊ ၂၀၂၂ |
ကိုမင်းထိုက်ထွန်း | Regional News Agency | ဒီဇင်ဘာ ၁၂၊ ၂၀၂၁ |
ကိုမျိုးမင်းထွန်း | Ayeyarwaddy Times၊ Myitmakha News Group | အောက်တိုဘာ ၂၂၊ ၂၀၂၁ |
ကိုစိုင်းကိုကိုထွန်း | အလွတ်တန်း | နိုဝင်ဘာ ၃၀၊ ၂၀၂၁ |
ကိုစိုးဇေယျာထွန်း | အလွတ်တန်း | မတ် ၁၀၊ ၂၀၂၂ |
ကိုဇော်ထွန်း | အလွတ်တန်း | ဒီဇင်ဘာ ၁၀၊ ၂၀၂၁ |
ဇာနည်ဝါ | Sky Net | မတ် ၁၆၊ ၂၀၂၂ |
ငြိမ်းချမ်းဝေ | အလွတ်တန်း | မေ ၁၅၊ ၂၀၂၁ |
ကိုသောင်းဝင်း | The Irrawaddy | စက်တင်ဘာ ၂၉၊ ၂၀၂၂ |
ကိုအောင်ဇော်ဇော် | Mandalay Free Press | ဇန်နဝါရီ ၁၆၊ ၂၀၂၂ |
ကိုဇော်ဇော် | အလွတ်တန်း | ဧပြီ ၁၀၊ ၂၀၂၂ |
Like this:
Like Loading...