နေပြည်တော်နှင့် ရန်ကုန်လေဆိပ်တွင် တရုတ်ထုတ် လျှပ်စစ်တက္ကစီများ ပြေးဆွဲမည်ဟုဆို

နေပြည်တော် သပြေကုန်းစျေးနှင့် ရန်ကုန်လေဆိပ်တို့ကို အခြေပြုပြီး တရုတ်နိုင်ငံထုတ် လျှပ်စစ်တက္ကစီ ၁၀ စီးစီ ပြေးဆွဲသွားမည်ဟု ဇန်န ဝါရီလ ၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် တက္ကစီအဖြစ်စမ်းသပ်ပြေးဆွဲမည့် တရုတ်နိုင်ငံထုတ် BYD အမျိုးအစား E2 Model လျှပ်စစ်သုံး မော်တော်ယာဉ် အစီးရေ ၄၀ ကို ပထမဆုံးအကြိမ်အဖြစ် ကုမ္ပဏီနှစ်ခုက တင်သွင်းလာ ကြောင်း ဖော်ပြထားသည်။
ယင်းအနက်မှ နေပြည်တော်တွင် ၁၀ စီး၊ ရန်ကုန်တွင် ၁၀ စီး စုစုပေါင်း အစီးရေ ၂၀ ကို တက္ကစီအဖြစ် အသုံးပြု ပြေးဆွဲဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်သုံးယာဉ်တင်သွင်းရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီ ၂၆ ခုရှိပြီး ယင်းအနက်မှ Chin Dwin Shan Construction Co., ltd မှ လျှပ်စစ်သုံးယာဉ်အစီးရေ ၃၀၊ NPK Motors Co., ltd မှ ၁၀ စီးကို ပထမဆုံးအကြိမ် တင်သွင်းလာခြင်းဟုဆိုသည်။
ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေး ၂၀၂၃ ခုနှစ် တစ်နှစ်လုံးကို ကနဦး ရှေ့ပြေး စီမံကိန်းကာလအဖြစ် စစ်ကောင် စီမှသတ်မှတ်ထားသည်။
အလားတူ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး၊ အများသုံး Level -3 အဆင့် Charging Station များ တည်ဆောက်နိုင်ရေး ခွင့်ပြုပေးလျက်ရှိသည်ဟုလည်း စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြသည်။
လက်ရှိတွင် နေပြည်တော်သပြေကုန်းစျေးအနီး၌ လျှပ်စစ်သုံးကားများအတွက် အားသွင်းရုံတစ်ခု စတင် ဆောက်လုပ်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်သုံးဆီများ ချွေတာသုံးစွဲရန် အစည်းအဝေးများ၌ မကြာခဏထည့်ပြောလေ့ရှိပြီး လျှပ်စစ်ရထားများ၊ လျှပ်စစ်ကားများ ပြေးဆွဲရန်လည်း ပြောဆိုလေ့ရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓါတ်အားမလုံလောက်မှုနှင့် လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင် ဝေဖန်မှုများရှိနေသည့်ကြားမှ ယခုကဲ့သို့ လျှပ်စစ်တက္ကဆီများပြေးဆွဲရန် စီစဉ်လာခြင်း ဖြစ်သည်။
နိုင်ငံခြားငွေကြေးအသုံးပြုမှုကို လျှော့ချနိုင်ရန် ပြည်ပမှ လူစီးမော်တော်ယာဉ်တင်သွင်းမှုများအတွက် ပါမစ် ထုတ်ပေးခြင်းကို ၂၀၂၁ ခုနှစ် အောက် တိုဘာလအတွင်းက စတင်ရပ်ဆိုင်းထားသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီ ဉက္ကဌ၏ လမ်းညွှန်ချက်အရ လျှပ်စစ်သုံးယာဉ်အသုံးပြုမှုအတွက် အခွန်၊ အခ ကင်းလွတ်ခွင့်များနှင့် အခြားသက်သာခွင့်များပေးပြီး လျှပ်စစ်သုံးယာဥ်များ တင်သွင်းခွင့်ပြုလျက်ရှိသည်။mizzima