မုပ္ပလင်ဂိတ်အနီးတွင် ဘုရားဖူးကား လက် နက်ကြီးထိမှန် ခရီးသည် အမျိုးသားသေဆုံး ၇ ဦး ဒဏ်ရာပြင်းထန်


မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့ မုပ္ပလင် စစ်ဆေးရေးဂိတ်အနီးတွင် ခရီးသည် ရှစ်ဦးပါသည့် ကားတစ်စီးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ကားပေါ်ရှိ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကျန်သည့် ခရီးသည် ခုနစ်ဦးမှာ စိုးရိမ်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများမှ သိရသည်။
ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ မုပ္ပလင်ဂိတ်စစ်ဆေးရေးအနီးတွင် ဇန်နဝါရီလ ၂၅ ရက် နေ့လယ် ၁၂နာရီဝန်းကျင်ခန့်၌ ကျိုက်ထီးရိုးသို့ ဘုရားဖူးထွက်လာသည့် ယာဉ်တစ်စီးပေါ်သို့ လက်နက်ကြီးကျ ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“မုပ္ပလင် ရဲဂိတ်မှာ ဘုရားဖူးယာဉ်က အချိန်ကြာပြီ စောင့်နေတာ။ ကားတွေလည်း ပိတ်နေပြီး တဖြည်းဖြည်းနဲ့ တိုးကပ်သွားပြီး ရဲဂိတ်အရောက်မှာ ကားဆရာက ရဲကို ဘီးလိမ့်ရုံဖြစ် ပိုက်ဆံပေးပြီး မောင်းထွက်ချိန်မှာ ကျန်စစ်သားတွေက ပိုက်ဆံပေးတာ မတွေ့ဘဲ ကားမောင်းပြေးတယ်အထင်နဲ့ ဘာလက်နက်နဲ့ ပစ်တယ်မသိ။ ဘုရားဖူးကားကို မှန်ခဲ့တယ်” ဟု ဒေသခံများက ဆိုသည်။
“ကျနော်တို့ သိရသလောက် ရဲက ကားကို တားတယ်။ တားတော့ ရပ်ပေးလိုက်တယ်။ ရပ်ပေးပြီးမှ မောင်းသွားတာ။ ရပ်ပေးလိုက်တာကို စစ် တပ်က မသိဘူး။ မသိတော့ စစ်တပ်က လက်နက်ကြီး တစ်ခုခုနဲ့ လှမ်းပစ်လို့ ထိသွားတယ်လို့ သိရတယ်။ ကားလမ်းမရဲ့ ဟိုဘက်ခြမ်းမှာက သူတို့(စကစ)လူတွေပဲ ကင်းပုန်းဝပ်တာ အဲ့ဒီဂိတ်ဘေးမှာပဲ” ဟု သထုံခရိုင် KNU တပ်မဟာ (၁)ကျိုက်ထို PDF တာဝန်ခံ တစ်ဦးမှ မဇ္ဈိမ ကိုပြော သည်။
အဆိုပါဖြစ်ရပ်မှ ကားပေါ်ပါသည့် ခရီးသည် ရှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့ပြီး ကျန်သည့် ခုနစ်ဦးမှာ ကျိုက်ထိုဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံနေရကြောင်း သိရသည်။mizzima