ဝက်လက်မြို့ပေါ်ရှိ အစိုးရဌာနအချို့ကို ကာ ကွယ်ရေးအဖွဲ့များသိမ်းပိုက်ထားပြီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ရှိ စစ်ကောင်စီထောက်တိုက် အစိုးရရုံးဌာနများနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများကိုတိုက်ထုတ်နေပြီး အစိုးရဌာနအချို့ကိုလည်း သိမ်းပိုက်ထားနိုင်ကြောင်း People Army to Fight Dictatorship အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ကာ ဝက်လက်မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၁၂ ဦး သေ ဆုံးထားပြီး လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း PAFD အဖွဲ့ က ဆိုသည်။
“ အခုအချိန်ထိ ဆက်လက်တိုက်ဆဲပေါ့။ အဲဒီပတ်ဝန်းကျင်မှာ ကျနော်တို့ နေရာယူထားဆဲပါ။ သိမ်းနိုင်တဲ့ ဌာနဆိုင်ရာတော်တော်များများ ကျနော်တို့သိမ်းထားတယ်။ အချက်အလက်နဲ့ပစ္စည်းတွေ ရထားတာတွေ လည်းရှိပါတယ်။ အခုချိန်မှာ တိုက်ပွဲမပြီးသေးတဲ့အတွက် အသေးစိတ်ထုတ်ပြန်ဦးမှာ မဟုတ်သေးဘူး” ဟု PAFD အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်လည်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်များဘက်မှ အပြင်းအထန် ပြန်လည်တိုက်ခိုက်နေပြီး ဆက်လက်ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း PAFD အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“မြို့ကိုစီးနိုင်တဲ့အထိရည်ရွယ်ထားတယ်။ အခုလည်း အနေအထားတစ်ခုအထိ ရထားတယ်။ သူတို့ဘက် ကလည်း အပြင်းအထန်ခုခံနေတယ်” ဟု ပြောသည်။
ယခုတိုက်ခိုက်မှုများကို PAFDအဖွဲ့မှတပ်ခွဲမှူးဗိုလ်လှိုင်ဘွား၊ တပ်စိပ်(၁)ပျံလွှားအဖွဲ့၊ တပ်စိပ်(၂) ခွပ်ဒေါင်း အဖွဲ့၊ တပ်စိပ်(၃)ဇာမဏီအဖွဲ့၊ တပ် စိပ်(၄)ငရဲမီးအဖွဲ့၊ PAFD တပ်ခွဲ DKPDF-MMU စသည့် မဟာမိတ်အဖွဲ့ များက ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဝက်လက်မြို့နယ် လှတောကျေးရွာမှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာနှစ် ရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ mizzima