Monthly Archives: Jan 2023

ကလေးဝမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးကို အကြောင်းမဲ့သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ဖွဲ့က အပြစ်မဲ့ ပြည်သူသုံးဦးကိုသတ်ဖြတ်သွားကြောင်း ဒေသခံများထံမှသိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဆိုသော သတင်းများအရ ကလေးဝ-ရေးဦးလမ်းမပေါ်ရှိ ယုဇလယ်ရွာကို အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်း ရောက်ရှိ ခဲ့ကြောင်း ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကလေးဝမြို့မှ ၂၄ မိုင်ကွာဝေးသည့် အောင်ချမ်းသာ ကျေးရွာအနီးမှ ကတိုးရွာသို့ရောက်ရှိလာပြီး လမ်းကြောင်းမသိ၍ဟုဆိုကာ ကျွဲကြောင်းနေသော ရွာသား နှစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ထို့နေမှစ၍ အဆိုပါရွာသားနှစ်ဦး၏သတင်း အစနမရရှိတော့ဘဲ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သေဆုံး လျက် ပြန်လည်တွေ့ရှိရကြောင်း ဆို သည်။

“ပျောက်နေတာလေးငါးရက်ရှိပြီဆိုတော့ အလောင်းတွေပြန်တွေ့တဲ့အခါမှာ အတော်ရုပ်ပျက်နေပြီး အကောင်ပလောင်တွေတောင် ကျနေပြီ” ဟု ရွာသားတစ်ဦးက ဆိုသည်။

သေဆုံးသွားသူနှစ်ဦး၏အမည်ကို မသိရှိရသေးသော်လည်း ကလေးဝမြို့နယ် သာစည်ရွာမှဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းစစ်ကြောင်းသည် အခြားပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ပြီးအလောင်းစွန့်ပစ်ထားခဲ့သည် ကိုတွေ့ရှိခဲ့ရကြောင်း အဆိုပါဒေသခံက ဆိုသည်။

“သူတို့နဲ့တိုက်ပွဲဖြစ်တာလဲ ဘာမှမရှိဘူးဗျာ။ တောထဲမှာ ရိုးရိုးသားသားအလုပ်လုပ်စားနေတဲ့ ပြည်သူတွေ ကို သတ်ဖြတ်သွားတာ ပြည်သူအများသိစေချင်ပါတယ်” ဟု လုံခြုံရေးအရ အမည်ဖော်လိုခြင်းမရှိသည့် ယင်းဒေသခံမှ ဆက်လက်ပြောဆိုသည်။

သတ်ဖြတ်ပြီး စွန့်ပစ်ခံရသူ၏အမည်ကိုမသိရသေးသော်လည်း ကလေးဝမြို့နယ် သာစည်ကျေးရွာမှဖြစ် ပြီး တောထဲတွင် မီးသွေးဖုတ်၍ အ သက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကလေးမြို့မှတဆင့် ကလေးဝမြို့သို့ရောက်ရှိခဲ့ပြီး ၎င်းမှတဆင့် ကလေးဝ-ရေဦးလမ်းကြောင်းပေါ်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ယခုကဲ့သို့ ရွာသားသုံးဦးသတ်ဖြတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အထောက်အထား၊ ဓာတ်ပုံများ မှတ် တမ်းယူထားသော်လည်း အင်တာနက်လိုင်းများဖြတ်တောက်ထားသဖြင့် ပေးပို့နိုင်ခြင်းမရှိကြောင်း အဆို ပါ ဒေသခံကဆိုသည်။

ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းအထိရရှိခဲ့သောသတင်းများအရ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကလေးဝနှင့် ၂၄ မိုင်ခန့်အကွာရှိ ရေဦးလမ်းမအနီး ကတိုးရွာအနီးတဝိုက်တွင် စစ်ကြောင်းထိုး၍ လှုပ်ရှား နေသဖြင့် ပြည်သူများသတိထားသွားလာနိုင်ကြရန်လည်း အသိပေးထား သည်။mizzima

ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေ အခက်အခဲဖြစ်နေပြီး နွေရာသီမှာ အခက်အခဲ ပိုဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

သောက်ရေသုံးရေ အခက်အခဲဖြစ်နေတဲ့ ကျောက်တော်မြို့နယ် ညောင်ချောင်းကျေးရွာ စစ်ဘေးရှောင်စခန်း တာဝန်ခံတဦးက “ညောင်ချောင်းကျေးရွာမှာက စစ်ဘေးရှောင်တွေ မရှိတဲ့ အချိန်မှာတောင် ရေကရှားနေတာ။ အခုလို စစ်ဘေးရှောင်တွေ များလာနေတော့ သောက်ရေသာမက သုံးရေပါ အခက်အခဲ ဖြစ်လာနေကြတယ်။ လာမယ့်နွေရာသီမှာတော့ အလွန်အခက်အခဲတွေ့လာနိုင်တယ်” လို့ ပြောပါတယ်။

အခုနှစ်မှာ မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ရှောင်စခန်းတွေမှာ အသုံးပြု သောက်သုံးနေကြတဲ့ ရေကန်တွေ နွေရာသီမရောက်မီ ရေကုန်ခန်းသွားခဲ့တာပါ။

အခုအခါ ဒုက္ခသည်စခန်းတွေမှာ အလွန်ဝေးတဲ့ ရေကန်တွေကနေ သွားရောက်သယ်ယူနေကြရ​ပြီး အဲဒီရေကန်တွေမှာလည်း လာမယ့် နွေရာ သီမှာ ကုန်ခန်းသွားနိုင်တဲ့အတွက် သောက်သုံးရေအတွက် များစွာအခက်တွေ့လာနိုင်ပြီး စစ်ဘေးရှောင်တွေ စိုးရိမ်နေကြတာပါ။

ရထားဘူတာစစ်ဘေးရှောင် တာဝန်ခံတဦးကတော့ “ရထားဘူတာအနီးမှာ သောက်ရေကန် ၃ ကန်ရှိတယ်ဗျ။ ဒါပေမဲ့ ဒီနှစ် မိုးနည်းခဲ့တော့လေ ရေတွေလုံးဝခန်းခြောက်ကုန်တာ။ ဒါကြောင့် စခန်းထဲကလူတွေ မြို့ထဲမှာရှိတဲ့ ‌ရွှေကျောင်းကန်က သွားပြီး တွန်းလှည်းတွေနဲ့ ရေတွေသွားခပ်နေရတယ်” လို့ ပြောပါတယ်။

ကျောက်တော်ရှိ သောက်ရေသုံးရေ အခက်အခဲဖြစ်နေကြတဲ့ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ ကျေးရွာ ၂၆ ရွာနီးပါးမှ စစ်ဘေးရှောင် အိမ် ထောင်စု ၇၀၂ စု၊ လူဦးရေ ၃,၀၄၁ ဦး နေထိုင်နေကြပြီး ရထားဘူတာ စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ထောင်စု ၄၃၄ စု၊ လူဦးရေ ၁,၈၅၀ နေ ထိုင်နေကြောင်း စခန်းစာရင်းတွေအရ သိရပါတယ်။ DVB

မင်းအောင်လှိုင်က နိုင်ငံရေးပါတီ ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းလိုက်ပြီး တင်းကျပ်မှုများ ထည့်ထား၍ ပါတီ အများစု ပယ်ဖျက်ရမည့်အခြေအနေရှိ၊ ကြံ့ဖွတ်ပါတီတစ်ခုတည်းသာ ရပ်တည်နိုင်ရန် ရည်ရွယ် ပုံရဟုဆို

အကြမ်းဖက် မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီ များ မှတ်ပုံ တင် ခြင်း ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းလိုက်ပြီး တင်း ကျပ်မှုများစွာ ပါဝင်၍ နိုင်ငံရေးပါတီ အများစု ပယ်ဖျက် ရမည့်အခြေအနေ ဆိုက် ရောက် သွားကြောင်း ပြည်တွင်းနိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင် ခြင်း ဥပဒေတွင် တင်းကျပ် မှုများစွာ ထည့်သွင်းလိုက်ရာ ဥပဒေပုဒ်မ ၅ (စ) တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး မည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်း ဆုံး ၁ သိန်း ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်၊ တိုင်းဒေသ ကြီး/ ပြည်နယ် အတွင်း စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုသည့်နေရက်မှ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက် ပေးရမည်ဟု ပြဋ္ဌာန်း ထားသည်။

“အရင်တုန်းက ပြည်ထောင်စုတစ်ဝန်းလုံး ပါတီဆိုရင် ပါတီဝင် ဦးရေ ၁၀၀၀ အနည်းဆုံး စည်းရုံးရမယ်။ တိုင်းဒေသကြီး/ပြည်နယ်ကို အခြေ ပြုတဲ့ ပါတီ ဆိုရင် ပါတီဝင်ဦးရေက အနည်းဆုံး ၅၀၀ ပဲ သတ် မှတ်ထားတယ်။ အခုကတော့ ပြည်ထောင်စု တစ်ဝန်းလုံးဆိုရင် ပါတီဝင် ၁ သိန်းကို ရက်ပေါင်း ၉၀ အတွင်း စည်း ရုံးရမယ်ဆိုတော့ ဒါက ကြံ့ခိုင်ရေးပါတီနဲ့ NLD လိုပါတီကြီးတွေပဲ ရပ် တည် နိုင်မှာပေါ့။ စထူထောင်တဲ့ပါတီက ဘယ်လိုလုပ် ပါတီဝင် ၁ သိန်းရ မတုန်း” ဟု ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးက ပြောသည်။

ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် မြန်မာ့စီးပွားရေး ဘဏ်တွင် ပါတီရန်ပုံငွေ ဘဏ်စာရင်း ဖွင့်လှစ် ခိုင်းသည့် ပြဋ္ဌာန်းချက် အသစ်ပါဝင်လာပြီး ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံး မည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ငွေကျပ် သိန်း ၁၀၀၀ ကိုလည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီးကို စည်းရုံး မည့်ပါတီဖြစ်ပါက ပါတီ ရန်ပုံငွေ သိန်း ၁၀၀ ကိုလည်းကောင်း ငွေစာရင်းဖွင့်လှစ်ထားသည့် အထောက်အထား တင်ပြရမည်ဟု ဖော် ပြထားသည်။

“အဲဒါက အသစ်ပဲ။ ပါတီရန်ပုံငွေ ကိစ္စ အရင် နိုင်ငံရေးပါတီ ဥပဒေ အဟောင်း မှာ မပါဘူး။အခုက တော့ အသစ်မှာ ပြည်ထောင်စု တစ်ဝန်းလုံး အခြေခံတဲ့ ပါတီ ဆိုရင် သိန်း ၁၀၀၀ ဆိုတော့ ငွေကြေး ချမ်းသာတဲ့သူနဲ့ နိုင်ငံရေးသမားနဲ့ ပေါင်းပြီး လုပ်ရမယ့်သဘောမျိုး မြင်ရတယ်။ အခုရှိနေတဲ့ ပါတီတွေ ဒီအချက် ကြောင့်လည်း ပျက်နိုင်တယ်။ မပျက်ရင်လည်း ငွေနဲ့ လိုက်အဝယ်ခံရနိုင်တယ်” ပြည်တွင်း နိုင်ငံရေးသမားက ဆိုသည်။

ထို့ပြင် မင်းအောင်လှိုင် ပြင်ဆင် ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင် ခြင်း ဥပဒေ ပုဒ်မ ၅ (ဇ) တွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ဖြစ် ပါက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင် ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အား လုံး၏ အနည်းဆုံး ထက်ဝက်တွင် ပါတီ ရုံးခန်း ဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်တွင်သာ အခြေခံ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီ အခြေပြုသည့် တိုင်းဒေသကြီး/ ပြည် နယ်တွင် ရက်ပေါင်း ၁၈၀ အတွင်း အနည်းဆုံး ၅ မြို့နယ်တွင် ပါတီရုံးခန်း ဖွင့်လှစ် မည်ဖြစ်ကြောင်း ဝန်ခံချက် ပေးရမည်ဟု ဖော်ပြထားသည်။

အဆိုပါ ပါတီရုံးခန်းဖွင့်လှစ်ရမည့် ပြဋ္ဌာန်းချက်မှာ ယခင် နိုင်ငံရေးပါတီ မှတ်ပုံ တင် ခြင်း ဥပဒေ တွင် ပါဝင်ခဲ့ခြင်းမရှိသော ပြဋ္ဌာန်းချက်ဖြစ်ပြီး ပြည်ထောင်စုကို အခြေခံသော နိုင်ငံရေးပါတီအနေဖြင့် ရက် ပေါင်း ၁၈၀ အတွင်း အနည်းဆုံး နိုင်ငံ တစ်ဝန်း ရုံးပေါင်း ၁၆၅ ရုံး ဖွင့်လှစ်ရမည်ဟု ဥပဒေ အသစ် တွင် ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။

“ကြံ့ခိုင်ရေးပါတီပဲ အားသာအောင် လုပ်တဲ့ ပြဋ္ဌာန်းချက်လို့ပဲ မြင်ပါတယ်။ NLD ကတော့ ဒီရွေး ကောက် ပွဲမှာ ပါလာမှာ မဟုတ်တာသေချာတယ်။ ကြံ့ခိုင်ရေးကို မယှဉ်နိုင်အောင် ဒီလိုတွေ တင်း ကျပ်တယ်လို့ထင်တယ်။ ပြီးမှ လွှတ်တော် တွေပေါ်မှ ဒီဥပဒေကို ပြန်ပြင်တာမျိုး လုပ်နိုင်တယ်။ အခု လာမယ့် ရွေး ကောက် ပွဲမှာ ကြံ့ခိုင်ရေးပါတီ နိုင်အောင် ဥပဒေနဲ့ အခြားပါတီတွေ အလိုလို ပျက် ပြယ် သွားအောင် လုပ်လိုက်တယ် လို့ မြင်တယ်။ မာရသွန်ပြိုင်ပွဲမှာ ပြိုင်ဘက် အားလုံးကို ခြေထောက် ကြိုး တုပ်ပြီး သူတစ်ယောက်တည်း ပြေးဖို့ ကြံတဲ့ ပက်စက်တဲ့ အ ကြံပေါ့” ဟု ပြည်တွင်း ဝါရင့်နိုင်ငံ ရေး သမားက သုံးသပ် ပြောဆိုသည်။khit thit

နတ်ခရိုင်ကျေးရွာအနီးတွင် မိုင်းရှင်းရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် မုံရွာ- မန္တလေး လမ်းမပေါ်တွင် မိုင်းရှင်းရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီးနှစ်ဦးသေကြောင်း စစ်ဆင်ရေးပြုလုပ်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

တပ်မ (၃၃) မှ စစ်သားများကို နတ်ခရိုင်ကျေးရွာအနီးတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီ ၂၅ ရက်၊ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ စစ်ကောင်စီတပ် ရဲ့ မိုင်းရှင်းလင်းရေး လုပ်ဆောင် ချက်မှာ ကျနော်တို့ ထောင်ထားတဲ့ မိုင်းတွေ တော်တော်လေး ပါသွားတာတော့ ရှိတယ်။ မိုင်းတွေ ရှင်းပြီးတဲ့ နောက်မှာ ညောင်ပင်ဝန်း ရဲစခန်း မှာ စစ်သားတွေက စုရပ် လုပ်ပြီး နားကြတယ်။ ညောင်ပင်ဝန်း ရဲစခန်းက အပြန် နတ်ခရိုင် ကျေးရွာ အနီးမှာ ရှိတဲ့ မိုင်း ၇ လုံးကိုစုပြီး ပဒေသာတွဲ လုပ်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု Zero ပြောက်ကျား တပ်ဖွဲ့မှ ကိုသက် ကြီးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရ သူများလည်း ရှိကြောင်းနှင့် လူနာတင်ယာဉ်တစ်စီးဖြင့် ရုပ်အလောင်းများလာကောက်သွားကြောင်းလည်း ၎င်းကဆိုသည်။

Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ သရဲနီ တပ်ဖွဲ့ ၊ 3D တပ်ဖွဲ့ နှင့် စွန်ရဲ တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဟုလည်း သိရသည်။mizzima

ကျိုက်ထိုတွင် PDF ခေါင်းဆောင်၏ ဦးလေးဖြစ်သူ ဒုလ္လဘရဟန်း သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ခံ၏ ဦးလေးအရင်းဖြစ်သော် လည်း စစ်ကောင်စီတပ်ကိုသတင်းပေးသူဟုကျော်ကြားသော သံဃာတော်တစ်ပါး ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့နံနက်က ဆွမ်းခံကြွနေစဉ် သေနတ်သမား၏လုပ်ကြံသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူသွား သည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာ ခအောင်းတောင်ဘုန်းကြီးကျောင်းမှ ဒုလ္လဘတစ်ပါး ဖြစ်သော ဦးဇင်း (ခ) ဦးခင်မောင်ဝင်းသည် နံနက် ၇ နာရီခန့်တွင် ဆွမ်းခံကြွနေစဉ် သေနတ်သမားက ပစ်ခတ်မှုကြောင့် ဝဲလက်မောင်းသို့ ကျည်နှစ်ချက်၊ ဝဲရင်အုံသို့ ကျည်နှစ်ချက်အပါအဝင် ကျည်ခြောက် ချက်ထိမှန်ခဲ့သဖြင့် ကျိုက်ထိုဆေးရုံတွင် ဆေးကုသမှုခံယူရာမှ ပဲခူးဆေးရုံသို့ပြောင်းအပြီး ညနေပိုင်း၌ ပျံလွန်တော်မူသွားခြင်းဖြစ်သည်။

လုပ်ကြံခံရသူဦးပဉ္ဇင်းမှာ ယခုလဆန်းပိုင်းက PDF များအဖမ်းခံရမှုတွင် သတင်းပေးခဲ့သူဖြစ်သည်ဟု ဒေသတွင်းသတင်းများထုတ်ပြန်ပေးနေသည့် Kyaikhto Information Team (KIT) က ရေးသားထား သည်။

၎င်းသည် ဇန်နဝါရီလ ၅ ရက်နေ့ နံနက်က စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲရန်သွားသည့် PDF များ၏ သတင်းကိုသားဖြစ်သူထံမှတဆင့်သိကာ ရဲအားဖုန်းဆက်အကြောင်းကြားခဲ့ခြင်းကြောင့် PDF နှစ်ဦး ဖမ်း ဆီးခံခဲ့ရကြောင်း KIT က ဆိုသည်။

ဒုလ္လဘဝတ်သည်မှာ တစ်ပတ်ခန့်သာရှိသေးသော သက်တော်(၆၀)ရှိ ဦးပဉ္စင်းသည် ကျိုက်ထိုမြို့နယ်၏ ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သော KRF (Kyaikhto Revolution Force) အဖွဲ့တာဝန်ခံ ကိုအေးမင်းထွန်း ၏ ဦးလေးအရင်းဖြစ်သည်။

“ကျွန်တော့်အဖေရဲ့ညီအရင်းပါ။ ကျွန်တော်တို့နဲ့တော့ အာဏာသိမ်းပြီးကတည်းက အဆက်အစပ်မရှိ တော့ပါဘူး။ ဆက်စပ်တွေးကြည့်မယ်ဆိုရင် မနေ့က မုပ္ပလင်မှာဖြစ်သွားတဲ့ကိစ္စကနေ စမယ်ပေါ့နော်။ သူတို့(စစ်တပ်)ကင်းပုန်းချတဲ့နေရာမှာ ၄၀ မမ လို့ယူဆရတဲ့ လက်နက်ပေါက်ကွဲပြီး ပြည်သူတွေဒဏ်ရာ ရတယ်။ ဒါကို သူတို့က PDF တွေလုပ်တာပါဆိုပြီး သတင်းလွှင့်တယ်။ ဒီနေ့လည်း ဦးလေးဦးဇင်း ပစ်ခံရ တယ်။ ဒါဟာ သူတို့(စစ်တပ်)လုပ်တာပဲဖြစ်နိုင်မယ်။ ဘာလို့လဲဆို ပြည်သူတွေနဲ့ တော်လှန်ရေးသမား တွေကို သွေးခွဲချင်လို့ လို့ယူဆတယ်” ဟု ကိုအေးမင်းထွန်းက မဇ္ဈိမကို ပြောသည်။

“အခုကိစ္စမှာ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သွားရောက်ပစ်ခတ်ခဲ့တာလည်းမရှိပါဘူး” ဟု ၎င်းက ယတိ ပြတ် ငြင်းဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်ဆေးရေးဂိတ် ၌ စစ်ကောင်စီတပ်စစ်သားအချင်း ချင်းစကားများကြရာမှ စစ်သားတစ်ဦးက ၄၀ မမ လက်နက်အား ပစ်ခတ်ခဲ့ရာ မကွေးတိုင်းမှ ကျိုက်ထီးရိုးသို့ ဘုရာဖူးရန်လာသော Life Truck ကားတစ်စီးအားထိမှန်ခဲ့ကာ ကားပေါ်ပါပြည်သူတစ်ဦးပွဲချင်းပြီး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့သည်။ mizzima

မြိုင်၊ မြင်းခြံနှင့် ယင်းမာပင်တွင် စစ်တပ် စစ် ကြောင်းနှင့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

ဇန်နဝါရီလ ၂၆ ရက် နေ့လည် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားနှင့် ပျူစောထီး ၁၅ ဦးခန့်သည့် Well – 2 ကျောက်ခွက်ရေနံမြေမှ သဲကြီးကျေးရွာဘက်သို့ ရှေ့ပြေး ခြေလျင်စစ်ကြောင်းထိုးလာစဥ် မိုင်း ပွိုင့်အကြီး ၊ အသေး ၇ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး၊ ပျူစောထီး ၁ ဦး နေရာမှာပင် သေ ဆုံးပြီး ပျူစောထီး ၃ ဦး၊ စစ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ အနီးရှိ လူနေတောတဲ ၂ လုံး ကို မီးရှို့ဖျက်ဆီးပြီး ဖောကား ၄ စီးဖြင့် နောက်ချန်လိုက်ပါလာသော အင်အား ၅၀ ခန့်ရှိ စစ်ကြောင်းနှင့် ပူးပေါင်းကာ သဲကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နေရာယူတပ်စွဲကာ အနီးပတ်ဝန်းကျင်ပတ်ပတ် လည်ကို ကင်းချထားကြောင်း သိရသည်။

ကင်းချထားသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒရုန်းများဖြင့် အီနာဂါ ဗုံးသီးများ အသုံးပြုကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှာ ဒရုန်းကို လိုက်လံပစ်ခတ်ခြင်း၊ အနီး ပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း Naung Yoe Special Guerilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက် ည ၈ နာရီ မိနစ် ၄၀ ခန့်က ဆီမီးခုံမြို့မှ ဆိုင်ကယ် ၅ စီးဖြင့် မြို့အရှေ့ ဘက်သို့ ကင်းလှည့်ထွက်လာသော အ ကြမ်းဖက်စစ်သား၊ ရဲ များကို ဆီမီးခုံ-နဘူးအိုင်ကားလမ်းပေါ်တွင် နောင် ရိုးအထူးပြောက်ကျားတပ်ဖွဲ့_NYSGF တပ်ဖွဲ့မှ ပဒေသာမိုင်း ၇ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ခွေးတွေက ကင်းလှည့်ထွက်လာတာပါ၊ ဆိုင်ကယ် ၄ စီးက မိုင်းကွင်းထဲဝင်တယ်၊ နောက်ဆုံးတစ်စီးက မထိဘူး၊ အဲ ၂ ကောင်က ရမ်းသမ်းပြီး လိုက်ပစ်တယ်၊ ဆိုင်ကယ် ၄ စီးမှာ ၆ ကောင်သေတယ်၊ ၂ ကောင် ဒဏ်ရာရတယ်၊ တစ်စီးက လုံးဝလွတ်သွားတာ” ဟု နောင်ရိုးအထူးပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၂ ဦး၊ ရဲ ၄ ဦးသေဆုံးခဲ့ပြီး ည ၁၁ နာရီခန့်တွင် နာရေး ကားဖြင့် အလောင်းကောက်ယူသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရေကြည်ပင်မြရိပ်မှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Democratic Guerilla Force-DGF ထံမှ သိရသည်။

ယနေ့ဇန်နဝါရီလ ၂၆ ရက် နံနက် ၉ နာရီခန့်က ယင်းမာပင်မြို့နယ် အရှေ့ခြမ်း ရေကြည်ပင်မြရိပ်မှ အနောက်ဘက်ယွန်းယွန်း ဂွေးချောင်းအ နောက်တောင်ဘက်သို့ အင်အား ၁၀၀ ခန့်ဖြင့်ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး အဆိုင်း ၃ ဆိုင်းခွဲကာ အလုံးပေါင်း ၃၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Democratic Guerilla Force-DGF(Lower Chindwin) နှင့် DGF ကနီမှ တပ်စိပ် တစ်စိပ်တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု အတိအကျ မသိရသေးကြောင်း Democratic Guerilla Force-DGF ကထုတ်ပြန်ထားသည်။ khit thit

ယင်းမာပင်တွင် တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မည်ကိုစိုးရိမ်ပြီး ဆယ်ဇင်းရွာသားများ တိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က မြရိပ်ကျေးရွာကို မီးရှို့ပြီး အနီးက မြရိပ်တောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်တဲ့ တပ်ပေါင်းစုတို့ ဒီနေ့မနက်က ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားကျရှုံးခဲ့တယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ယင်းမာပင်မြို့ကနေ သိရပါတယ်။

ဒီနေ့မနက်ပိုင်းက ဒေသကာကွယ် ရေး တပ်ပေါင်းစုတွေ ရှိနေတဲ့ မြရိပ်တောင်ကုန်းကို စစ်ကောင်စီတပ်က နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုး တိုက်ခိုက်လာတဲ့အတွက် တပ်ပေါင်းစုနဲ့ မီတာ ၂၀ အကွာကနေ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ရှိနေတဲ့ တောင်ကုန်းကို သူတို့က နှစ်ဘက်ညှပ်ပြီးဝိုင်းပြီး တက်လာတာပါ။ ကျနော်တို့က အပေါ်ကနေဆိုတော့ အပိုင်ပစ်နိုင်ခဲ့တာပေါ့နော်။ တိုက်ပွဲကပြင်းထန်တယ်လို့ ပြောလို့ရပါတယ်၊ ကျနော်တို့နဲ့ မီတာ ၂၀ အကွာလောက်ကနေပဲဆိုတော့ မြင်နေရတယ်။ ကျနော်တို့ဘက်က စစ်ရေးဗျူဟာတွေပြောင်းပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အကျအဆုံးတွေ များစွာရှိပါတယ်။ ကျနော်တို့ဘက်ကတော့ မစိုးရိမ်ရဒဏ်ရာတွေတော့ ရခဲ့ပါတယ်” လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ယင်းမာပင်မြို့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်  စစ်ကောင်စီတပ်တွေက ယင်းမာပင်မြို့နယ် အောင်ချမ်းသာကျေးရွာမှာ ဒီကနေ့ ညအိပ်ဖို့ ယာယီတပ်စွဲထားတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွေ့နေထိုင်ကြဖို့ သတိပေးထားတယ်လို့လည်း သိရသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲအများအပြားဖြစ်ပွားခဲ့တဲ့အတွက် တနိုင်ငံလုံးမှာ လေ ကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဒေသတခုဖြစ်သလို စစ်ရှောင်အများဆုံးဒေသတခုလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် ဆယ်ဇင်းကျေးရွာနေ ပြည်သူတွေ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ဆယ်ဇင်းရွာနားမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲက ရွာနားမှာကော၊ ရွာနဲ့ ၇ မိုင်လောက်ဝေးတဲ့ နေရာမှာကော တိုက်ပွဲတွေ ဖြစ်နေတာဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေရှိမှာစိုးလို့ ထွက်လာကြတာ၊ လူဦးရေက ၄၀၊ ၅၀ ပေါ့။ လွန်ခဲ့တဲ့ ရှစ်လပိုင်းက တရွာလုံးရှောင်ကြတာကနေ ပြန်ပြီး အခြေချဖို့ လုပ်နေကြတာ၊ တိုက်ပွဲတွေ ပြန်ဖြစ်လာတော့ ပြန်ထွက်လာကြတာပေါ့လေ။”

မနက် ၄ နာရီဝန်းကျင်လောက်က ဆယ်ဇင်းကျေးရွာနဲ့ ၇ မိုင်လောက်ဝေးတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေတွင်းအုပ်စု ပန်ချယ်ဘုရားနားမှာရှိတဲ့ SNA တပ်စခန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ လာရောက်တိုက်ခိုက်သိမ်းယူခဲ့သလို စစ်ကိုင်းတိုင်းအခြမ်း ဆယ်ဇင်းရွာ ကပ်ရပ်က မံစိမ်းကြိုးတံတားထိပ်မှာရှိတဲ့ SNA တပ်စခန်းကိုလည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆယ်ဇင်းကျေးရွာက ပြည်သူတွေဟာ နိုဝင်ဘာလလောက်ကတည်းက နေရပ်ပြန်ပြီး နေထိုင်နေတာ ဖြစ်ပါတယ်။ ဆယ်ဇင်းကျေးရွာဟာ လွန်ခဲ့တဲ့ ၈ လပိုင်းလောက်က တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နေအိမ်ရာချီ မီးရှို့ခံရကာ ပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ရပါသေးတယ်။ DVB

နေပြည်တော်တွင် လျှပ်စစ်ကားအားသွင်း Station တည်ဆောက်နေ

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပုံမှန်မပေးနိုင်ပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေပြေးဆွဲဖို့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ လျှပ်စစ်ကားတွေ တင်သွင်းပြေးဆွဲဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အခုလိုစီစဉ်တာမှာ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော် မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်စေခဲ့ပါတယ်။

ဒီကော်မတီတွေနဲ့ ခွင့်ပြုချက်နဲ့ တရုတ်နိုင်ငံထုတ် BYD အမျိုးအစား E2 Model လူစီးနဲ့ တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲမယ့် လျှပ်စစ်ကားအစီး ၄၀ စတင်ရောက်ရှိနေပြီး ရန်ကုန်လေဆိပ်မှာ တက္ကစီ ၁၀ စီး၊ နေပြည်တော်သပြေကုန်းဈေးမှာ တက္ကစီ ၁၀ စီး ပြေးဆွဲသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လျှပ်စစ်ကားစီမံကိန်းနဲ့ နီးစပ်သူတဦးက “အခု နေပြည်တော်သပြေကုန်းဈေးနားမှာ အားသွင်း Station တခုဆောက်ဖို့ စလုပ်နေပြီ။ နောက် လောလောဆယ် သိရသလောက်ဆို နေပြည်တော်မှာ စည်ပင်ဧည့်ရိပ်သာရှေ့မှာ တခု၊ ဘောဂသီရိကားကွင်းမှာ တခု၊ သုခတော်ဝင်အိမ်ရာနားမှာ တခု၊ အဲ့ လေးနေရာမှာ အားသွင်း Station တွေ ဆောက်မယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ၅ နေရာဆောက်မယ်” လို့ ပြောပါတယ်။

လျှပ်စစ်ကားတွေ တွင်ကျယ်စွာအသုံးပြုနိုင်ဖို့ ကနဦးရှေ့ပြေးစီမံကိန်း (Pilot Project) ကာလကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင် ဘာ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ ရေးဆွဲပြုစုနေပြီး မကြာခင် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ပူးပေါင်းဆောင်ရွက်လိုတဲ့ ကုမ္ပဏီတွေရဲ့ အဆိုပြုလွှာတွေကိုလည်း အမျိုးသားအဆင့် ဦးဆောင်ကော်မတီက စိစစ်ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။ DVB

မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချရေးနှင့် ဒီမိုကရေစီ ပြန်သွားရေး လှုပ်ရှားမှု တွင် ဂျပန်အစိုးရက ပါဝင်ဆောင်ရွက်ရေး ဖိအားပေးတောင်းဆိုရန် အတွက် ဂျပန် လွှတ်တော် အ မတ်များ ၏ လက်မှတ်များ စတင်စုဆောင်းကောက်ယူ

မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချရေးနှင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး ထောက်ကူပေးရေး ဂျပန်အစိုးရကို တောင်းဆိုရန်အတွက် ဂျပန်လွှတ်တော် အမတ် များ၏ လက်မှတ် စတင်စုဆောင်းကောက်ယူနေပြီဖြစ်ကြောင်း ဂျပန် ရောက် တော်လှန်ရေးအင်အားစုများထံမှ သိရှိရသည်။

NUG ဂျပန်ကိုယ်စားလှယ်ရုံးမှ အဖွဲ့ဝင်တချို့ဦးဆောင်ကာ နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားအဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်၍ မြန်မာ့အရေးနှင့် ပတ်သတ်သော တောင်းဆိုလွှာကို ဝိုင်းဝန်းထောက်ခံပေးရန်အတွက် ဂျပန် လွှတ်တော်အမတ်များထံမှ လက်မှတ်များကောက်ခံသော လှုပ်ရှားမှုကို ဇန်န ဝါရီလ ၂၃ ရက်နေ့တွင် စတင်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ်၊ (၂၀၄) ကြိမ်မြောက် ဂျပန်လွှတ်တော် အစည်းအဝေးတွင် “မြန်မာ နိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ရှုတ်ချခြင်းနှင့် ဒီမိုကရေစီစနစ် အမြန်ဆုံး ပြန် လည်ထွန်းကားရေးအတွက် တောင်းဆိုသည့် ဆုံးဖြတ်ချက်”ကို အထက် လွှတ် တော်နှင့် အောက်လွှတ်တော်မှ အမတ်များက တညီတညွတ်တည်း အတည်ပြု ခဲ့ကြသည်။

သို့သော်လည်း ထိုဆုံးဖြတ်ချက်အပေါ် အခြေခံ၍ အပြုသဘောဆောင် သော လုပ် ဆောင်မှုများကို ဂျပန်အစိုးရအနေဖြင့် လက်တွေ့ အ ကောင် အထည် ဖော် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည့်အတွက် ယခုကဲ့သို့ လှုပ်ရှား မှု ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း NUG ဂျပန်ရုံးမှတာဝန်ခံ တစ်ဦးဖြစ်သည့် ကိုသန့်ဇော်ထက် က ရှင်းလင်းပြောကြားသည်။

မြန်မာ့တော်လှန်ရေးအင်အားစုများ ဂျပန်အစိုးရထံ တောင်းဆိုမည့် တောင်း ဆိုချက် ၄ ချက်ကို ဂျပန် လွှတ် တော် အမတ်များက လက်မှတ်ရေးထိုး ထောက် ခံသော လက်မှတ် ကောက်ယူနေပြီးယင်းလက်မှတ်များကို ဂျပန်နိုင်ငံ ခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူထံသို့ ပေးပို့ကာ ဂျပန်အစိုးရကို တောင်းဆို သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ စတင်ကျင်းပသော ဂျပန်လွှတ်တော်အစည်းအဝေး မစတင်မီ နံနက်အစောပိုင်း NUG ဂျပန် ကိုယ်စားလှယ်ရုံးမှ အဖွဲ့ဝင်တချို့ ဦးဆောင်၍ လွှတ်တော်အမတ်များ​၏ ရုံးခန်းများသို့ တစ်ခန်းဝင် တစ်ခန်းထွက် လှည့်လည်စည်းရုံးကာ မြန်မာနိုင်ငံ​၏လက်ရှိပကတိအခြေအနေမှန်များကို ရှင်းပြ ကာ လက်မှတ်ရေးထိုးမှုမှာ ပူးပေါင်းပါဝင်ပေးဖို့ စည်းရုံးလှုံ့ဆော် ကြ ကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၂၃ အအတုအယောင် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ​၏ လက်ရှိ အခက်အခဲများကို ​ပြေလည် နိုင်မည်မဟုတ်ဘဲ ငြိမ်းချမ်းစွာ အသွင် ကူးပြောင်း နိုင်မည့် နိုင်ငံရေးထွက်ပေါက်မဟုတ်ကြောင်းကိုလည်း ဂျပန်လွှတ်တော်အမတ် များ ကို ရှင်းပြခဲ့ကြသည်။

ဂျပန်လွှတ်တော်အမတ်များ ပါဝင်လက်မှတ်ရေးထိုးထားပြီး ဂျပန်အစိုးရထံ တောင်းဆို မည့် မြန်မာ့အရေး တောင်းဆိုချက် ၄ ချက်မှာ-

၁- ၂၀၂၁ ခုနှစ်ဇွန်လတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်က တညီ တညွတ်တည်း အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်များကို ဂျပန်အစိုးရက တိကျ သေချာစွာ ကောင်အထည်ဖော် ဆောင်ရွက်ရန်၊

၂- နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်း ဆီး ထိန်းသိမ်းခံ ထားရသော နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်း လွှတ်ပေးရန်၊ အရပ် သား များအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော ရက်စက်ယုတ်မာမှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ဒီမိုကရေစီရေးလှုပ်ရှားသူနှင့် ကျောင်းသားများကို မတရားဖမ်းဆီးကွပ်မျက်ခြင်းတို့ကို ချက်ချင်းအဆုံးသတ်ရန် သံတမန် အရင်း အမြစ်အားလုံးကို အပြည့်အဝအသုံးပြု၍ စစ်ကောင်စီကို ဖိအားပေးတောင်း ဆို ရန်၊

၃- ဂျပန်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဂျပန်နိုင်ငံရှိ NUG ကိုယ်စားလှယ်ရုံးတို့ နှင့် တရားဝင် ဆက်သွယ်ဆောင်ရွက်ပေးရန်၊ အထူး သဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများကို အမျိုး သား ညီညွတ်ရေး အစိုးရ၊ ဒေသဆိုင်ရာတိုင်း ရင်းသား တော်လှန်ရေး အင်အား စုများနှင့်သာ ညှိနိူင်း၍ ပူးပေါင်းဆောင်ရွက်သွားရေးအတွက် အမြန် ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ပေးရန်၊

၄- ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် စစ်ကောင်စီက ကြေညာထားသည့် အထွေ ထွေရွေးကောက်ပွဲကို ဂျပန်အစိုးရမှအသိအမှတ်မပြုရန်နှင့် အစိုးရ အရာရှိ များကိုစေလွှတ်ခြင်း အပါအဝင် မည်သည့်နည်းနှင့်မျှ ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် တို့ဖြစ်ကြောင်း သိရှိရသည်။khit thit

« Older Entries